Tuesday, April 10, 2012

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် ဒုလ္လဘ ရဟန်းဝတ်

နိရဉ္စရာ

ယခင် ၀န်ကြီး ချုပ်ဟောင်း လည်းဖြစ်၊ ထောက်လှမ်းရေး တပ်ဖွဲ့ အကြီး အကဲ ဟောင်းလည်း ဖြစ်သူ ဗိုလ်ချုပ် ခင်ညွှန့်သည် မနေ့က ဒုလ္လဘ ရဟန်း ၀တ်ခဲ့ ကြောင်း သတင်း ရရှိသည်။

" သူက ဒုလ္လဘ ရဟန်း ၉ ရက် ၀တ်မှာပါ။ ဒါက ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်းစဉ်လာအရ နှစ်သစ်ကူး အခါ သမယမှာ ကောင်းမူ ကုသိုလ် ပြုလုပ်တဲ့ အနေနဲ့ ဒုလ္လဘ ရဟန်းဝတ်တာ ဖြစ်ပါတယ်။ တစ်ခြား ထူး ခြားတဲ့ ရည်ရွယ်ချက်မျိုးတော့ ရှိမယ် မထင်ပါဘူး" ဟု အလို တော်ပြည့်ကျောင်းမှ ဦးဇင်း ဘီလူးခေါ် အရှင် ကုမာရက ပြောသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ သူ၏ သားများ ဖြစ်ကြသော ဦးဇော်နိုင်ဦး၊ ဦးရဲနိုင်ဝင်းတို့မှာ ဒုလ္လဘ ရဟန်း ၀တ်ခဲ့ကြပြီး ဗိုလ်ချုပ် ခင်ညွှန့်၏ မြေး ယောင်္ကျား (၄) ဦးကို ရှင်ပြုပြီး မြေးအမျိုးသမီးနှစ်ဦးအား သီလရှင် (၂)၀တ် ခဲ့ကြသည်။

" ဦးဇင်းတို့ ကျောင်းတိုက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကလေး ရပ်ကွက် ပင်ရွှေညောင်လမ်း အောင်မြေ ဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်တွင် ရဟန်းဝတ်ခဲ့ကြတာ ဖြစ် ပါတယ်။ ဦးဇင်းတို့ရဲ့ ကျေးဇူးရှင် အလိုတော်ပြည့်ဆရာတော် ကြီးလည်း အဲဒီနေ့မှာ တစ်ခါတည်း သိက္ခာ ထပ်တယ်ဆိုတော့ တပည့်တကာတွေ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်" ဟု ဦးဇင်းက ဆက်ပြောသည်။

ဒုလ္လဘ ရဟန်းဝတ်ပွဲ အခမ်းအနားသို့ ယခင် ပြည်ထဲဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်လိုင်၊ ယခင် သာသနာရေး ၀န်ကြီးဟောင်း ဗိုလ် ချုပ် မျိုးညွှန့်အပါအ၀င် အစိုးရ အရာရှိဟောင်းကြီးများလည်း အများ အပြား တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်မှ မပျော်ရင် ၃ နှစ်၊ ပျော်ရင် တစ်သက် ရဟန်း ၀တ်မယ် ဆိုပြီး သတင်းတွေ ဖြစ်ပေါ်နေမူနှင့် ပတ်သက်ပြီး လည်း ဦးဇင်း ဘီးလူးက ယခုလို ဆက်ပြောသည်။

" ဒါကတော့ ကောလ ဟလ ပြောနေကြ တာပါ။ မဖြစ်နိုင် ပါဘူး။ သာသနာဘောင် ရဟန်း ၀တ်ပြီး ၉ ရက် အဓိဌာန် ၀င်မှာ ဖြစ်ပါတယ်။ ၉ ရက် ပြည့်ရင်တော့ သူက လူထွက်မှာပါ။ မြေးတွေကလည်း ရှင်မပြု ရသေးတော့ မြေးတွေကို ရှင်ပြုတဲ့ အခါ ဗုဒ္ဓဘာသာ ဓလေ့ထုံးတန်း စဉ်လာနဲ့ အညီ ဒုလ္လဘ ရဟန်းဝတ်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ဘုန်းကြီး ဘွဲ့မှာ ဦးခေမိန္ဒဖြစ်ပြီး ရဟန်းဘ၀ဖြင့် ၉ ရက် တရားစခန်းဝင်ပြီး သားများမှာ ၇ ရက် တရားစခန်းဝင်ကြမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ၀ိပသနာ အလုပ် လုပ်ပြီး တရားအားထုတ်သည်မှာ ကောင်းမြတ်သော အလုပ်ဖြစ်သဖြင့် ၀မ်းသာ စရာကောင်းသည်ဟု ဦးဇင်း ဘီးလူက ပြောသည်။

No comments: