Tuesday, April 3, 2012

တရုတ် နယ်စပ်၌ သျှမ်းပြည်နယ် အစိုးရ အခွန် ၃ ရာခိုင်နှုန်း ပြန်ကောက်

သျှမ်းသံတော်ဆင့်


တရုတ် - မြန်မာနယ်စပ် မူစယ် - ကျယ်ဂေါင် အဝင်အထွက်ဂိတ်ပေါက် တစ်ခုဖြစ်သည့် ဆင်ဖြူဂိတ်မှ ရရှိသည့် ၀င်ငွေ၏၃ ရာခိုင်နှုန်းကို သျှမ်းပြည်နယ်အစိုးရ ဘဏ္ဍာငွေအတွက် ဧပြီ ၁ ရက်နေ့မှ စ၍ ပြန်လည် ကောက်ခံနေကြောင်း သိရသည်။

သျှမ်းပြည်နယ် အစိုးရဘဏ္ဍာငွေအတွက် ဆင်ဖြူဂိတ်မှ ရရှိသည့် ၀င်ငွေ၏ ၃ ရာခိုင်နှုန်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင် ကောက်ခံခဲ့ရာ ဒီဇင်ဘာလကုန်ပိုင်းတွင် ရပ်နားခဲ့ခြင်းဖြစ်သည်။

မတ်လ ၃၁ ရက်နေ့က သျှမ်းပြည်နယ်အစိုးရဘဏ္ဍာရေးဝန်ကြီး ခွန်သိန်းမောင် မူစယ်မြို့သို့ ရောက်ရှိလာပြီး ပြည်နယ် အစိုးရအတွက် အ ခွန်ငွေပြန်လည်ကောက်ခံနေကြောင်း မူစယ်အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

“ဒီလ ၁ ရက်နေ့ကစပြီး ဆင်ဖြူဂိတ်ကနေ သျှမ်းပြည်နယ်အစိုးရအတွက် အခွန် ၃ ရာခိုင်နှုန်း ပြန်ကောက်နေပြီ ပြည်နယ်အစိုးရ ဘဏ္ဍာ ရေးဝန်ကြီးရောက်လာပြီးစကောက်တာပေါ့ ” - ဟု သူက ပြောသည်။

မူစယ် - ကျယ်ဂေါင် အဝင်အထွက်ဂိတ် ၃ ခုရှိသည့်အနက် ဆင်ဖြူဂိတ်တစ်ခုတည်း၌သာ ပြည်နယ်အစိုးရအတွက် အခွန်ကောက် ခံခြင်း ဖြစ်ပြီး ကျန်ဂိတ်နှစ်ခုမှ ရရှိသည့် ၀င်ငွေကို ဗဟိုအစိုးရမှ ရယူကြောင်း သိရသည်။

ယခင်ကဆင်ဖြူဂိတ်မှရရှိသည့်အခွန်ငွေကို မူစယ်မြို့ဝန်ထမ်းများရံပုံငွေအတွက် သုံးစွဲခဲ့ပြီးတစ်ရက်ကောက်ခံရရှိငွေကျပ် ငွေသိန်း ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။

No comments: