Thursday, May 10, 2012

နိုင်ယက္ခ မိခင်ပါတီ ပြန်မည်

အဇံ၊ ကောင်းဝါသတင်းဌာန

မိခင်ပါတီ ဖြစ်သည့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ ပြန်ကာ ပါတီမှ ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း မကြာ မီရက်ပိုင်းက အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် မွန် နိုင် ငံရေး အကျဉ်းသား နိုင်ယက္ခက ပြောသည်။

“ဒီ၂၀ ရက်နေ့ဆိုရင် ပါတီဌာနချုပ်ကို ပြန်မယ်လို့ ပါတီဥက္ကဌကို ပြောထားပြီးပြီ” ဟု နိုင်ယက္ခက ပြောသည်။ နိုင်ယက္ခ သည် မွန်ပြည်သစ် ပါတီ မော်လမြိုင် ခရိုင် ကော်မတီ အဖွဲ့ဝင်ဟောင်းတဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စစ်ထောက်လှမ်းရေး၏ နိုင်ငံရေး အကွက်ဆင်မှုဖြင့် ရန် ကုန်တွင် အဖမ်း ခံရ သည်။

“ကျနော် အဖမ်းခံရတာက သူတို့အကွက်ဆင်တာ သက်သက်ပဲ၊ မော်လမြိုင်မှာ စီးပွားရေးသမား တယောက်နဲ့ ကျနော် တွေ့ပြီး ရာဘာ အရောင်းအဝယ်ကိစ္စ ပြောဖြစ်တယ်၊ အဲဒီလူက ရန်ကုန်က သူ့ကုမ္ပဏီမှာ စကားပြောဖို့ ချိန်းပြီး ကျနော်တို့ ရန်ကုန်ကိုလိုက်တက်သွား တယ်၊ ချိန်းထားတဲ့ အဆောက်အဦးမှာပဲ စစ်ထောက်လှမ်းရေးနဲ့ ရဲ ၃၀ လောက် လက်နက်နဲ့ ကျနော်တို့ လူ ၅ ယောက် ကို ဖမ်းလိုက် တယ်” ဟု သူက ပြောသည်။

“ပြီးတော့ အခန်းတခုကို ခေါ်သွားပြီး သူတို့ဆီက သေတ္တာတခု ကျနော်တို့ ရှေ့ကို ဆွဲထုတ်လာတယ်၊ သေတ္တာထဲမှာ ဗုံးတွေ လက်နက် တွေကို တွေ့လိုက်တယ်။ အဲဒါတွေနဲ့ ကျနော်တို့ကို ဓာတ်ပုံတွဲရိုက်ပြီး တရားစွဲ လိုက်တယ်” သူက ဆက်ပြောသည်။

ဧပြီလ ၃၀ ရက်နေ့က နိုင်ယက္ခနဲ့ နိုင်ချင်းဂကောင်း ခေါ် နိုင်မျိုးသွေးကို နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထောင်မှ လွှတ်ပေးခဲ့သည်။

၎င်းတို့ နှစ်ဦးမှာ နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း အယူ ခံဝင်ရာမှ ထောင်ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချ ပေးခဲ့ သည်။

လက်ရှိ နိုင်ငံရေး ပြောင်းလဲမှုကို အပြည့်အဝ အားမရသေးကြောင်းနှင့် မွန်ပြည်သစ်ပါတီ၏ လက်ရှိ အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံရေး ပြဿနာ ဖြေရှင်းရာ နည်းလမ်းတခုအဖြစ် ရှုမြင်ကြောင်းလည်း သူက ပြောသည်။

“အရင်တုန်းက ကျနော်တို့ တိုက်လာခဲ့ကြတယ်၊ ဘာဖြစ်လဲဆိုတော့ သူတို့က နိုင်ငံရေးအကြောင်း မဆွေးနွေးချင်လို့၊ အခုက ဆွေးနွေး လာပြီဆိုတော့ အပစ်အခတ်ရပ်တာ ကောင်းပါတယ်” လို့ သူက ပြော သည်။

No comments: