Thursday, May 10, 2012

ကျေးရွာ အဆင့် NLD ရုံးများ ရခိုင်တွင် ဖွင့်လှစ်


ဒီမိုကရေစီ အခြေခံ သဘောတရားများ ကျေးလက်နေ ပြည်သူများ အကြား ကျယ်ပြန့်စွာ အမြစ်တွယ် ရှင်သန်နိုင်ရေးကို ရည်ရွယ်ပြီး ရခိုင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကျေးလက် တော ရွာများထိ ဆင်းကာ အဖွဲ့ချုပ် ရုံးများကို ဖွင့်လှစ် နေကြောင်း တောင် ကုတ် မြို့နယ် အဖွဲ့ချုပ်မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးခင်လှက ပြောသည်။

" တောင်ကုတ်မြို့နယ် အတွင်းက ကျေးရွာများ အတော်များများမှ ကျေးရွာအဆင့် ရုံးတွေကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဓိက ရည် ရွယ် တာကတော့ ကျေးလက်နေ ပြည်သူများ အကြား ဒီမိုကရေစီ ကျယ်ပြန့်စွာ အမြစ်တွယ် ရှင်သန်နိုင်ရေးကို ရည်ရွယ်ပါတယ်" ဟု ဦးခင်လှက ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်း ကျေးရွာရုံးခွဲများကို တစ်ခုပြီး တစ်ခု ဖွင့်လှစ်နေရာ ဧပြီလ ၂၈ ရက်နေ့က ဆားပြင်ကျေးရွာ၊ ဧပြီ ၂၉ ရက်နေ့က ငရုပ်တောင်ရွာ၊ မေလ ၁ ရက်နေ့က ကျော်ကိုင်းကျေးရွာ၊ မေလ ၂ ရက်နေ့က ဘူးရွှေမော်ကျေးရွာ၊ မေလ ၄ ရက်နေ့က ကုလရောင် ကျေးရွာ၊ မေလ ၅ ရက်နေ့က ပန်းထော်ကျွန်းနှင့် နတ်ကန်ရွာ များတွင် ဖွင့်လှစ်နိုင်ခဲ့သည်ဟု ဦးခင်လှက ဆိုသည်။

" ကျေးရွာသားတွေက အစ အခြေခံ ဒီမိုကရေစီ သဘောတရားတွေကို သိဖို့ လိုတယ်။ ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရနဲ့ ဒီကနေ့ နိုင်ငံ တော်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီ နိုင်ငံမှာ နေတဲ့ နိုင်ငံသားတိုင်း သိသင့်တယ်။ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ အတူ မိမိတို့ရဲ့ အခွင့်အရေး တွေကို သိရှိ ဖို့ လိုတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုလည်း သိဖို့လို တယ်။ ကျေးရွာ အနှံ့ ရုံးတွေ ဖွင့်လှစ်ရင် ဒီလိုမျိုး ဗဟု သုတ တွေကို ကျေးရွာ သားတွေ ရရှိကြမှာ ဖြစ်ပါတယ်" ဟု ဦးခင် လှက ပြောသည်။

တောင်ကုတ်မြို့နယ် အတွင်း တချို့ ကျေးရွာ အဖွဲ့ချုပ် ရုံးခွဲများကို အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့သော်လည်း တချို့ကျေးရွာများတွင် ဟန့်တား နှောင့်ယှက်မူများ ရှိနေကြောင်း ဦးခင်လှက ပြောသည်။

" မှတ်မှတ်ရရ ဧပြီလ ၇ ရက်နေ့ သင်္ကြန် မတိုင်မှီပေါ့။ တောင်ကုတ်မြို့နယ် သင်ချီကိုင်း အုပ်စုက တာရဲ၊ မြို့ဟောင်း၊ တောင်စောက်၊ ကျောက်တံတား ကျေးရွာတွေ စုပြီးတော့ အဖွဲ့ဝင်သစ် လက်ခံနေတဲ့ အချိန်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်ဝင်းရဲ့ ဟန့်တား နှောင့်ယှက်မူတွေကို ခံခဲ့ရပါတယ်။ သူ့ ခွင့်ပြုချက် မရှိရင် လုပ်လို့ မရဘူးပေါ့။ သွားတိုင်ပေမယ့် အာဏာပိုင်တွေက အရေးယူတာတော့ မရှိဘူးဗျာ" ဟုဆိုသည်။

တောင်ကုတ်မြို့ နယ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံ အားကောင်းသော မြို့နယ် တစ်ခုဖြစ်ပြီး ခေါင်းဆောင် အများအ ပြားလည်း ဒီမိုကရေစီ အရေး လူပ်ရှားမူကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ထိုအထဲတွင် လွန်ခဲ့သော နှစ် အနည်းက ပြန်လွှတ်လာသူ မြို့နယ် ဥက္ကဌ ဦးကျော်ခိုင်၊ အတွင်းရေးမှူး ဦးခင်လှ၊ မြို့နယ် ဘဏ္ဍာရေးမှူး ဦးမင်းအောင်တို့လည်း ပါဝင်သည်။

တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

No comments: