Wednesday, May 2, 2012

ဆုငွေထုတ်မှု နယ်စပ်တည်ငြိမ်ရေး ထိခိုက်နိုင်ဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

သန်းထိုက်ဦး on May 2, 2012

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့်ကိစ္စအား ထိုင်းအာဏာပိုင်များ ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ် နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလား ပွယ်က ပြောဆို လိုက်သည်။

ဧပြီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ပြန်ခဲ့သည်။

အဆိုပါ စွပ်စွဲခံရမှုအကြောင်းကို ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းရှိ DKBA ဌာနချုပ်တွင် ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဗိုလ်မှူးချုပ် စောလားပွယ်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ယင်း သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနှင့် ထိုင်း သတင်း ထောက်တချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီလို အခြေအမြစ် မရှိတဲ့ကိစ္စကို ထိုင်းဒုဝန်ကြီးချုပ်က တာဝန်ယူ ဖြေရှင်းတာ မလုပ်ဘူးဆိုရင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိ ခိုက်နိုင်တယ်” ဟု ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းသည် ONCB ၏ အကြီးအကဲဖြစ်သည်။

အခြေအနေ အမှန်ကို သိရှိနိုင်ရန် ထိုင်းအစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်၍ လာရောက် စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲသည့်အ တိုင်း ဟုတ်မှန်ပါက နိုင်ငံတကာ ခုံရုံးအထိ တက်မည်ဟု ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက စောလားပွယ် အနေနှင့် ထိုင်းနိုင်ငံအတွင်း လာရောက်အဖမ်းခံခြင်းမှလွဲ၍ တခြား နည်းလမ်း မရှိဟု ပြောကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြထားချက်အရ သိရှိရသည်။

ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရဒေသတွင် ထိုင်း လုံခြုံရေတပ်များအား တင်ကျပ်စွာချထားပြီး စစ်ကားများနှင့် ကင်းလှည့် နေကြောင်း သိရသည်။

လတ်တလော DKBA ထိန်းချုပ် ဒေသအတွင်းရှိ နယ်စပ်ဂိတ်များကို ဖွင့်ပေးထားသော်လည်း မကြာမီ ရက်ပိုင်းအတွင်း ပိတ်ရန် စီစဉ် ထား ကြောင်း DKBA တပ်ဖွဲ့မှ ဗိုလ်မှူး စန်းအောင်က ဧရာဝတီသို့ ပြော သည်။

“ဟိုဘက် ဒီဘက် ကုန်သည်တွေကို ပိတ်ထားတယ်။ ကုန်သည်တွေသွားတဲ့ လမ်းမကြီးကိုတော့ လာမယ့် တရက် နှစ်ရက် အဖြေပေါ်မယ်။ ပိတ်ဖို့ အစိုးရကို တရားဝင် ပြောခိုင်းထားပြီး အစိုးရ မပိတ်ခိုင်းရင် ကျနော်တို့ ကိုယ်တိုင် ပိတ်ခိုင်းမယ်” ဟု ၎င်းက ဆိုသည်။

မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားကိုလည်း ပိတ်ရန်အတွက် ခရိုင်မှတဆင့် ပြည်နယ်နှင့် တိုင်းဝန်ကြီးထံ စာတင်ထားကြောင်း ဗိုလ် မှူး စန်းအောင်က ဆက်ပြောသည်။

မူးယစ်းဆေးဝါးနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့် ၂၅ ဦးထဲတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်ပြီး ဓာတ်ပုံများနှင့် အတူ ONCB ၏ အင်တာနက် ၀က်ဘ်ဆိုက်နှင့် Facebook တို့တွင် ကြေညာထားသည်။

မြန်မာနိုင်ငံမှ မူးယစ်ရာဇာ နော်ခမ်းကို ဘတ်ငွေ ၂ သန်း၊ ယင်ဆေးနှင့် ဗိုလ်နှုတ်ခမ်းမွေးတို့ကို ဘတ် ၁ သန်းစီ ဆုငွေ ထုတ်ပြန် ထား သည်။

နော်ခမ်းကို ဧပြီလ ၂၆ ရက်နေ့က လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများက ကြေညာသော်လည်း ဆက် လက်အရေးယူရေးနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို အ သေး စိတ် မသိရသေးပေ။ နော်ခမ်းကို တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန် မာတို့က ဖမ်းဆီးရန် ဆုငွေထုတ်ထားခြင်း ဖြစ်သည်။

No comments: