Friday, May 4, 2012

လုပ်အားခအတွက် ဆီအုန်းခြံ အလုပ်သမားများ ယုဇန ကုမ္ပဏီကို တရားစွဲရန် စီစဉ်

ကောင်းဝါသတင်းဌာန

နှစ်ချီ လုပ်အားခ အပြည့်အဝ မရကြသည့်အတွက် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်းရှိ ယုဇန ကုမ္ပဏီပိုင် ဆီအုန်းခြံ အလုပ် သမားများက ကုမ္ပဏီကို တရားစွဲရန် စီစဉ်နေကြောင်း အလုပ် သမား ခေါင်းဆောင်တဦးက ပြောသည်။

အလုပ်သမား တသိန်းကျော် ရှိသည့်အနက် ထက်ဝက်ခန့်မှာ လုပ်အားခ အပြည့်အဝ မရကြပဲ ၁၅ ရက် တကြိမ် ရိက္ခာနှင့် စားစရိတ် ၆,၀၀၀ ကျပ်သာ ရရှိသည့်အတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တနင်္သာရီတိုင်း စည်းရုံးရေးမှူး၏ အကူအညီဖြင့် တရားစွဲရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခု ကျနော်တို့ လုပ်အားခ ရရှိဖို့အတွက် အလုပ်သမား ဦးစီးမှူး ဦးငွေမောင်းကို တိုင်တယ်။ အဲဒါလည်း သုံးကြိမ်သုံးခါ ရှိသွားပါပြီ။ ငွေ ပေးမယ် ဆိုပြီးတော့ ဒီနေ့အထိ မရှင်းသေးပါဘူး၊ ဒါ့ကြောင့် ကျနော်တို့ တရားစွဲဖို့ လုပ်တာပါ” ဟု အထက်ပါ အလုပ် သမား ခေါင်း ဆောင်က ပြောသည်။

လုပ်အား မတရား ခိုင်းစေမှု၊ အုပ်အားခငွေ ရလိုမှုဖြင့် ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်၊ ကန်ထရိုက်တာ ဦးကျော်ကျော်နှင့် မန်းနေးဂျင်း ဒါရိုက် တာ ဦးဇော်လွင်တို့ကို တရားစွဲရန် ပြင်ဆင်နေကြောင်း အလုပ် သမား အရေး ကူညီ ဆောင်ရွက် ပေးနေသူ ကိုသန်းထွန်းက ပြော သည်။

တရားစွဲမည် ဆိုသည့်သတင်းကြောင့် မေလ ၂ ရက်နေ့တွင် ကုမ္ပဏီပိုင်ရှင် ဖြစ်သည့် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်က ကော့သောင်း မြို့သို့ ရောက်ရှိလာကာ ကန်ထ ရိုက်တာ ဦးကျော်ကျော် မှတဆင့် ကုမ္ပဏီကို တရား မစွဲရန် မေတ္တာ ရပ်ခံ ခဲ့ပြီး၊ အလုပ် သမား များအား စနေနေ့တွင် လုပ်အားခ ရှင်းပေး မည်ဟု ပြောဆို ခဲ့ကြောင်း ကိုသန်းထွန်းက ပြောသည်။

“လုပ်အားခ ရှင်းပေးပြီး အားလုံးပြေပြေလည်လည် ဖြစ်သွားပြီ ဆိုရင် ကျနော်တို့ မတိုင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို တိုင်လိုက် မယ်ဆိုရင် အလုပ် သမား တွေရဲ့ နောင်ရေး အတွက် အများကြီး နစ်နာ သွားစရာ ရှိလို့၊ တကယ်လို့ ပြောတဲ့ အတိုင်း ဖြစ်မ လာရင် ILO (ကမ္ဘာ့ အလုပ် သမား အဖွဲ့ချုပ်) ကို တိုင်ဖို့ လုပ်ထားတယ်” ဟု သူက ပြောသည်။

ဧက ၅ သိန်းခွဲခန့် ရှိသည့် အဆိုပါ ဆီအုန်းခြံသည် တနင်္သာရီ ရိုးမ အနောက်ဘက် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲရှိ ပါချန် သစ်တောကြိုးဝိုင်း အတွင်းတွင် တည်ရှိကာ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် စ သည်တို့မှ အလုပ်သမားများ လာရောက် လုပ်ကိုင်ကြသည်။

စိုက်ပျိုးရေး အလုပ်သမားများအား တနေ့ ကျပ် ၂၀၀၀ နှုန်းဖြင့်၊ တောရှင်း အလုပ်သမားများအား တဧက ကျပ် ၄ သောင်းခွဲနှုန်းဖြင့် ရှင်း ပေးရန် ကုမ္ပဏီနှင့် သဘောတူ ထားခဲ့ သော်လည်း စိုက်ပျိုးရေး အလုပ် သမား များမှာ ၆ လကျော်၊ တောရှင်း အလုပ် သမား များမှ နှစ်ချီ လုပ်အားခ မရရှိ သေးကြောင်း အလုပ် သမား ခေါင်းဆောင်က ပြောသည်။

လုပ်အားခ ပုံမှန်မရခြင်း၊ ကျန်းမာရေး ခံစားခွင့် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အလုပ်သမားများ ထွက်ပြေးမှု မကြာခဏ ဖြစ်ပေါ် နေပြီး၊ အချို့ အလုပ် သမား များမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ကျန်ရှိသည့် လစာ ငွေများကို ရှင်းပေးခြင်း မရှိသေး သည့်အတွက် နေရပ်သို့ ပြန်ရန် အခက် အခဲ ကြုံနေ ကြကြောင်း လည်း သူက ပြောသည်။

No comments: