Friday, May 4, 2012

မြန်မာတွင် ရင်းနှီးမြုပ်နှံရန် ထိုင်းစက်မှုလုပ်ငန်းများ စိတ်ဝင်စား

ရန်ပိုင် on May 4, 2012

အာရှနောက်ဆုံးဈေးကွက်ဟု တင်စားပြောဆိုနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် တခြားသောနိုင်ငံကြီးများကဲ့သို့ ထိုင်းနိုင် ငံမှလည်း စိတ်ဝင်တစား လေ့လာနေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့်လဆန်းပိုင်းက ထိုင်း စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(FTI) ဥက္ကဋ္ဌ ဖရုန်စပ်က် ချာတ်စုသိဖွန်လ် ဦးဆောင်သည့် လုပ် ငန်းရှင် ၈၀ ကျော်သည် ထားဝယ် အထူးစီးပွားရေးဇုန်သို့ သွားရောက် လေ့လာခဲ့ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။

“စီးပွားရေးဇုန်ရဲ့ ဖွံဖြိုးတိုးတက်မှု အလားအလာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာချင်တာရယ်၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးကွက် ကြီးကြီး မား မားဖြစ်လာရင် ဒီမှာလာပြီးထုတ်လုပ်ဖို့အတွက် လေ့လာတာပါ”ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ယခုအခါ အနိမ့်ဆုံး လုပ်ခလစာများ မြင့်တက်လာနေသည့်အတွက် ကုန်ပစ္စည်းတန်ဖိုးများလည်း မြင့်တက်လာနေကြောင်း၊ ထိုအတွက် လုပ်ခလစာနှင့် လုပ်သား အင်အားပေါများသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလို ခြင်းဖြစ်ကြောင်း ဦးဝင်းအောင်က ဆက်လက်ပြောသည်။

လာရောက်လေ့လာသည့် ထိုင်းလုပ်ငန်းရှင်များတွင် Toyota ၊ Isuzu ၊ Kubota ၊ Denso ၊ Siam Cement Group စသည့် စီးပွား ရေး အုပ် စုကြီးများလည်း ပါဝင်သည်။

အဆိုပါ ထိုင်းလုပ်ငန်းရှင်အများစုသည် အစိုးရသစ်၏ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ခိုင်မာသော ဥပဒေနှင့် စီးပွားရေးဆိုင်ရာ စွဲဆောင် မှု များကို စောင့်ဆိုင်းနေကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သ တင်း တွင် ရေးသားထားသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ စက်မှုဝန်ကြီး ဦးစိုးသိန်းက“လွှတ်တော်က အတည်ပြုဖို့ပဲ ကျန်တော့တယ်၊ ဥပဒေက ရေးဆွဲ ပြီးပြီ”ဟု ဘန်ကောက်ပို့စ်သို့ ပြောဆိုသည်။

ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်၍ ဥပဒေတရပ်ကို ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးက အ တည်ပြုပြီး ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်ကို အီတလီ- ထိုင်း ကုမ္ပဏီက ရင်းနှီးမြုပ်နှံရန် သဘောတူညီခဲ့သော်လည်း ဒေသ တွင်း တည်ဆောက်မည့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို မြန် မာအစိုးရက ခွင့်မပြုသည့်အတွက် အဆိုပါ ကုမ္ပဏီမှ ရင်းနှီး မြုပ်နှံမှုကို ရုပ်သိမ်းတော့ မည်ဟူသော သတင်း များလည်း ထွက်ပေါ် နေသည်။

ယခုအခါ ထားဝယ် အထူး စီးပွားရေးဇုန်ကို ဂျပန်နိုင်ငံမှလည်း ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း၌ မြန်မာအလုပ်သမား ၃ သန်းခန့်လုပ်ကိုင်နေထိုင်နေရာ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲများ ကြောင့် ယင်းအလုပ်သမားများ မြန်မာပြည်တွင်း ပြန်မည်ကို ထိုင်း လုပ် ငန်း ရှင်များက စိုးရိမ်မှုများ ရှိနေသည်။ သို့သော် မြန်မာပြည် တွင်း၌ ပေးနေသော လုပ်ခလစာမှာ ထိုင်းနိုင်ငံထက်နည်းပါးနေဆဲ ဖြစ်သောကြောင့် လတ်တလောတွင် စိုးရိမ်ဖွယ်မရှိကြောင်း လေ့လာ သူများ က ပြောဆိုသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၌ ဒုတိယအများဆုံး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့်နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း အစိုးရသစ်လက်ထက်တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းက ကရင်ပြည်နယ်ရှိ မြ၀တီ စီးပွားရေးဇုန်အနီးရှိ ဒေသများကို ထိန်းချုပ်ထားသည့် တိုးတက်သော ဗုဒ္ဓဘာ သာကရင် အမျိုးသား တပ်မတော် (DKBA) တပ်မှူး ဗိုလ်မှူးချုပ် စော လားပွယ်(ခ) ဗိုလ်နှုတ်ခမ်းမွေးအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ အလိုရှိကြောင်း ဆုငွေထုတ်ခဲ့သည့်အတွက် နယ်စပ်ဒေသတွင် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ် စောလား ပွယ်က မူးယစ်ဆေးဝါးမှုများသည့် မိမိနှင့်မပတ်သက်သည့်အတွက် ရုပ်သိမ်းပေးရန်၊ မပေးပါက နယ်စပ်ဒေသ တွင် မတည်ငြိမ်မှုများဖြစ်လာနိုင်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုလည်း ပိတ်ပစ်မည်ဟု ပြောဆို ခဲ့သည်။

ရင်းနှီးမြုပ်နှံရန် လေ့လာနေသည့် ကုမ္ပဏီများကမူ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ မက်လုံးများ ပေးနေချိန်တွင် DKBAအဖွဲ့၏ ခြိမ်းခြောက်မှုများကို စိုးရိမ်မှုမရှိကြောင်း ပြောဆိုသည်။

ထိုင်းနိုင်ငံက လက်ရှိ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ၊ မိုင်းတွင်း လုပ်ငန်းနှင့် တခြားသော စီးပွားရေးလုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း၊ ထိုင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော PTTEP က မုတ္တမ ပင် လယ်ကွေ့ရှိ ဇောတိက သဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရဲတခွန်နှင့် ရတနာ ကမ်းလွန် စီမံကိန်းများတွင် လုပ်ကိုင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ ဒေါ်လာ ဘီလီယံ ၄၀ ခန့်ရှိပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေး နှစ်အတွက် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံခန့်မျှော်လင့် ထား ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများ တွင် ဖော်ပြထားသည်။

No comments: