ဇော်ကြီး
ကချင်ပြည်နယ် မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့သို့ သွားရာ ကားလမ်းပေါ်ရှိ အစိုးရ တပ်စခန်း တခုအား ကချင်ပြည် လွတ်လပ် ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက် သိမ်းပိုက် လိုက် သည်။
ပူတာအိုမြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၃၈) ၏ ရှေ့တန်းစခန်းအား ယမန်နေ့ နံနက် (၅) နာရီကျော် အချိန်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။
“လက်နက်အလတ်စားနဲ့ လက်နက်ငယ်တွေ အပါအ၀င် အားလုံး (၁၆) လက် ကျနော်တို့ သိမ်းဆည်းရမိတယ်။ အဲဒီမှာ ရှိတဲ့ အင်အား ထက်ပိုပြီးတော့ ယူနီဖောင်း အပါအ၀င် အရပ်ဝတ်တွေ တော် တော် များများ သိမ်းဆည်းရမိတယ်။ စားနပ်ရိက္ခာတို့ အပါအ၀င်ပေါ့။ အကျအဆုံးကတော့ အလောင်းက (၈) လောင်းတွေ့ရတယ်ခင်ဗျ။ Captain ဗိုလ်ကြီး အဆင့် အရာရှိ တယောက်ပါတယ်။”
ယင်းတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် တဦး ထိခိုက်ဒဏ်ရာရပြီး ကျဆုံးမှု မရှိကြောင်း ရှေ့တန်း တပ်မှူး တဦးက ပြောဆိုသည်။
အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်စဲစဉ်ကာလက ဆွမ်ပရာဘွမ် မြို့ပေါ်တွင် နှစ်ဖက် ဆက်ဆံရေး ရုံးဖွင့်လှစ်ထားခဲ့သည်။ ယင်းရုံးအား ယခုလ (၅) ရက်နေ့က ခလရ (၁၃၈) မှ တပ်ရင်းမှူး ဦးဆောင်သည့်အဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်သည့်အတွက် KIA ဖက်က လက်တုန့် ပြန်သည့် သဘော သက်ရောက်သည်ဟု ၎င်းက ဆက်ပြောသည်။
“မြို့ပေါ်မှာ ရှိတဲ့ အိမ်အလွတ်ကို သူတို့ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ မိုင်းထောင်ပြီးတော့ ဖောက်ခွဲတယ်။ နောက်ဆုံးကျ တော့ တအိမ်လုံးကို မီးရှို့လိုက်တယ်။ အဲဒီ ဖြစ်စဉ်ရဲ့ နောက် ကွယ်မှာ သူတို့ တပ်ရင်းမှူးကိုယ်တိုင် ဦးစီးပြီး အဲဒီကိစ္စကို လုပ်တယ် ခင်ဗျ။ မနေ့က ဖြစ်တဲ့ ဖြစ်စဉ်မှာလည်း သူတို့ ခလရ (၁၃၈) လက်အောက်ခံ တပ်ဖွဲ့တွေ ခံလိုက်ရတဲ့ သဘောလို့ ပြောလို့ရတယ်။”
ယင်းစခန်းသည် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ် အကြား ခ့ါဂရားယန် ကျေးရွာတွင် တည်ရှိ၍ ပူတာအို ဒေသအတွင်း KIA တပ်မဟာ (၁) တပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားသည့် လမ်းကြောင်းပေါ်ရှိ စခန်း ဖြစ်ပြီး အစိုးရတပ် အင်အား (၁၀) ယောက်ကျော် ရှိသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက KIO ဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုပါဟု လွန်ခဲ့သည့် ဧပြီလ (၂၉) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော်လောလောဆယ် လိုင်ဇာမြို့ ဌာနချုပ် အခြေစိုက်ရာ တပ်မဟာ (၅) ဒေသ အပါအ၀င် တပ်မဟာတိုင်းတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသလို ဒေသတွင်း အစိုးရတပ်အင်အားများ ပိုမို ဖြည့်တင်းနေကြောင်း ဦးလနန်က ပြောသည်။
“မနေ့က ဗန်းမော်ကနေ ဒီဖက်က မော်တော်ယာဉ် (၁၅)စီး အင်အား အပြည့်နဲ့ တက်လာ တာတွေ ရှိတယ်။ လက်နက်ကြီးတွေ အပါအ၀င်ပေါ့ဗျာ။ ည(၈) နာရီလောက်မှာ ဗန်းမော် ကနေ ထွက်လာတယ်။ ပြီးတော့ လားရှိးဖက်ကနေ အရပ်သုံး မော်တော်ယာဉ် TE (၁၀) စီး မိုးကာနဲ့ အုပ်ထားပြီးတော့ မူဆယ်ကို တက်လာတယ်။ မနေ့က ညနေပိုင်းမှာ (၁၀၅) မိုင်ကို ရောက်တယ်။”
ထို့အပြင် မေလ (၈) ရက်နေ့က ဒေါ့ဖုန်းယန် မြို့အရှေ့ဖက်တောင်ကျောပေါ်ရှိ KIA ရှေ့တန်း တပ်စခန်း ပန်စွန်ပို့စ်အား အစိုးရတပ်မှ သိမ်း ဆည်းခဲ့ပြီး ယနေ့တိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို တပ်မဟာ(၁) ဒေသရှိ တပ်ရင်း (၁၀) ဖက်တွင်လည်း ဖြစ်ပွားနေ ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း KIO နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရအာဘော် သတင်းစာများတွင် ဖော် ပြခြင်း မရှိသော်လည်း KIA တပ်ဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် လမ်းတံတား ပျက်စီးမှုများကိုမူ မကြာခန ဖော်ပြလေ့ရှိသည်။
KIO နှင့် အစိုးရတို့ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားရာမှ (၁၁) လကျော်ကြာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တချိန်တည်းတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အစိုးရနှင့် KIO နှစ်ဖက် ကိုယ်စားလှယ်တို့ (၆) ကြိမ်ထက်မနည်း တွေ့ဆုံပြီးသော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပါ။
ထို့အပြင် နှစ်ဖက်ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံရန် လွန်ခဲ့သည့်လပိုင်းက ပြောဆိုမှုများ ရှိထားသော်လည်း လောလောဆယ် တဖက် နှင့်တဖက် ဆက်သွယ်မှု မရှိသေးကြောင်း ဦးလနန်က ပြောသည်။

No comments:
Post a Comment