Saturday, February 2, 2013

မိုင်းထိခံ ရခိုင်အမျိုးသားတစ်ဦးအား သူနာပြုဆရာမများ လစ်လျူရှုထား

မိုးဇော်

ဇန္န၀ါရီလ(၁၃)ရက်နေ့က အစိုးရနှင့်ကေအိုင်အေတိုက်ပွဲကြောင့် မိုင်းထိသွားသော အပြစ်မဲ့ပြည်သူ ရခိုင်အမျိုးသား ကိုဇော်ဌေးကို ရန်ကုန်ဆေးရုံသို့ပို့ထားကာ သူနာပြုဆရာမများက ဂရုတစိုက်ပြုစုစောင့်ရှောင့်မှုမရှိဘဲ လူနာအားအစစအရာရာ လစ်လျူရှုထားကြောင်း သတင်းရရှိသည်။

မိုင်းထိခံ ကိုဇော်ဌေးမှာ ဒဏ်ရာများပြင်းထန်လှသည့်ကြားမှ သူနာပြုများ၏ ဂရုစိုက်မှုကိုမခံရခြင်းနှင့် ပတ်သတ်၍ ကိုဇော်ဌေးအား စောင့်ရှောက်ပေးသူ ကိုခိုင်နေမင်းက ပြောသည်။

" ကိုဇော်ဌေးမှာ မိုင်းထိသွားတဲ့ ဒဏ်ရာကအင်မတန်ပြင်းထန်ပါတယ်။ အဲဒါကို ဒီဆေးရုံးက သူနာပြုဆရာမတွေက ဘာတစ်ခုမှ ဂရုတစိုက်လုပ်ပေးတာမရှိဘူး။ လူနာကို ပြုစုယုယမှုလည်းမရှိဘူး။ အဲဒါတွေထားလိုက်ပါတော့ လူနာကို နေရာထိုင်းခင်းတောင် မပေးပါဘူး။ ကိုဇော်ဌေးကို သူနာပြုဆရာမတွေ ဆေးရုံရှိလူသွားလမ်းဘေးမှာ ထားပါတယ်။ အသက်အန္တရာယ်တောင်စိုးရိမ်ရတဲ့ လူနာတစ်ယောက်ကို သူနာပြုဆရာမတွေက ဥပက္ခာပြုထားတယ်၊ လူသွားလမ်းမှာထားတာဟာ မကောင်းပါဘူး။ သူနာပြုဆရာမတွေရဲ့ သိက္ခာနဲ့လည်းမညီမျှပါဘူး။ နောက်တစ်ခုက သူနာပြုဆရာမတွေကပြောတယ် ဘယ်သူပဲလာလာ သူတို့ကိုတိုင်ရမယ်လို့ပြောတယ်။ ကိုဇော်ဌေးကို ငွေလာလှူတာကိုလည်း သူ့တို့ကိုတိုင်ရတယ်။ လူနာကိုကျတော့ ဂရုမစိုက်ကြဘူး။ ငွေလာလှူတာကျတော့ တိုင်ရတယ်။ နာရေးကူညီမှုအသင်းက ငွေလာလှူလို့ အမှတ်တရအနေနဲ့ ဓါတ်ပုံရိုက်လို့ အဲတာကို သူနာပြုတွေက သူတို့မတိုင်ဆိုပြီး စကားများကြတယ်။ အဲဒီလိုမျိုးထိန်ချုပ်မှုတွေရှိပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။


အဆိုပါ ကိုဇော်ဌေးကို ရန်ကုန်နာရေးကူညီမှုအသင်းက (၅)သိန်းကျပ်၊ ရခိုင်မောင်မယ်အသင်းမှလည်း ၈ သိန်းလှူဒါန်းပြီး အခြားတသီးပုဂ္ဂလစေတနာရှင်များက လှူဒါန်းခဲ့ကြသောကြောင့် ယခုဆေးကုသဖို့အတွက် သိန်း(၂၀)ကျော် ရရှိထားကြောင်းသိရသည်။

ယခု ကိုဇော်ဌေး၏ ဒဏ်ရာအခြေအနေများကို " လုံးဝမကောင်းသေးပါဘူး။ မျက်စိနှစ်လုံးမှာ တစ်လုံးကို ခွဲထုတ်လုက်ပါပြီ။ နောက်တစ်လုံးက ခြစ်ထားပါတယ်။ တစ်လုံးကကန်းသွားပြီဆိုတော့ နောက်တစ်လုံးလည်း ကန်းဖို့အခြေအနေရှိပါတယ်။ ပြီးတော့ ခြေထောက်တစ်ဖက်လည်း အသားမရှိတော့ဘူး။ အရိုးပဲကျန်တော့တယ်။ အဲဒါကို အသားတုနဲ့ပြန်ဖြည့်ထားပါတယ်။ လူနာက အသက်ကိုပါစိုးရိမ်ရတဲ့ အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူနာပြုတွေကလည်း ဂရုမစိုက်ကြဘူး။ သက်ဆိုက်ရာ အစိုးရရဲ့တာဝန်ရှိသူတွေကလည်း မလာကြပါဘူး။ ဒဏ်ရာပြင်းထန်တဲ့အတွက် ကုသဖို့ငွေကလည်း လုံလုံလောက်မရှိဘူးဆိုတော့ စိုးရိမ်ရပါတယ်။ " ဟု ကိုဇော်ဌေးအား ကူညီပေးနေသူ ကိုခိုင်နေမင်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုမိုင်းထိခံရသည့် ကိုဇော်ဌေးသည် ရခိုင်ပြည် ကျောက်တော်မြို့နယ် လမ္မတော်မှဖြစ်ပြီး မိမိနေရပ်မှ ကချင်ပြည်နယ် ဖားကန့်မြို့သို့ စီးပွားရှာအလုပ်သွားလုပ်ရာတွင် ဇန္န၀ါရီလ(၁၃)ရက် ညနေ(၇)နာရီဝန်းကျင် မိုးညှင်းမြို့အနီးတွင် ဖြစ်ပွားကြသည့် အစိုးရနှင့်ကေအိုင်အေတို့တိုက်ပွဲကြောင့် မိုင်းထိပြီး ယခုရန်ကုန်မြို့ဆေးရုံကြီး၌ ဒဏ်ရာပြင်းထန်စွာဖြင့် ကုသခံနေရခြင်းဖြစ်သည်။

No comments: