Wednesday, February 27, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

လင်းသန်


ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆို နေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေး ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲကျွေးဖို့၊ ဂျော်ဒန်အလုပ် သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေ ရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန် ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ် သမားများထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော်ရှိပြီး အမျိုး သား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက်အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အား ဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့ သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်း ပေးနေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေ လည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာစကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ် သမား အဖွဲ့အစည်းမှလည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ၌ ကျွေးမွေး သည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွားလာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာ နအနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေးပွဲသို့အလုပ်သမားကိုယ် စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေးခဲ့သော်လည်း အလုပ်ရှင် ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ ကြောင်း လည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာအရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မ၀င် ရောက်ပါက ပထမ တရက်အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တ ရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များအတွက် လစာပေးမည် မ ဟုတ် ကြောင်း၊ အလုပ်သမားများအား အလုပ်ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသ တင်း စာတွင် ဖော်ပြထားသည်။

No comments: