Wednesday, February 27, 2013

ကုလကူညီရေးအဖွဲ့များ ဖားကန့်ရှိဒုက္ခသည်များကို ဆက်လက်၍ လာရောက်ကူညီ ပေးလိုကြောင်း ပြောဆို

KNG

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များကို ၁ လစာအတွက် အကူညီပေးရန်ရောက်ရှိလာသော ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့သည် အခက်အခဲရင်ဆိုင်နေရသော ဒုက္ခသည်စခန်း အသီးသီးသို့ကြည့်ရှုကာ ဆက်လက်၍ အကူအညီပေးချင် ကြောင်း ပြောဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ ကူညီရေးအဖွဲ့ UN မှ နိုင်ငံခြားသား Ashley Clements ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးတို့သည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်သို့ရောက်ရှိလာခြင်းဖြစ်ပြီး စခန်းအသီးသီးသို့ကူညီ မှုပေးခဲ့ရာ ဒုက္ခသည်များ၏ အခက်အခဲပြသနာများကိုမြင်တွေ့ပြီး ၀မ်းနည်း ကြောင်းနှင့် ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများပေးသွားရန် စီစဉ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ၄င်းအဖွဲ့အား စခန်းများသို့ ဦးဆောင် ပေးနေသူ ဖားကန့် ဥရုဆိုင်းမှော်ဇုံနယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခတော်ရဆရာ တိုင်လွမ့် တူးရော် ကပြောသည်။

“သူတို့က ဒီလိုအခက်အခဲဖြစ်နေတာကို ကူညီရတာဝမ်းသာတယ်။ ဒါပေမဲ့ ၁ လစာအတွက်ပဲ ကူညီပေးရတဲ့အတွက် စိတ်မကောင်းဘူး။ နောက် ရော ဆက်ပြီးကူညီသွားဖို့ စီစဉ်သွားမယ် လို့ပြောသွားတယ်။” ဟုသိက္ခတော်ရ တိုင်လွမ့်တူးရော် (Tailum Tu Raw) က KNG ကချင် သ တင်းဌာန သို့ပြောသည်။

UN အဖွဲ့သည် နိုင်ငံခြားအမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးအပါအ၀င် စားနပ်ရိက္ခာပစ္စည်းများ တင်ဆောင်လာသော ကား ၆ စီးနှင့် အဖွဲ့ဝင်များ စီး သောကား ၅ စီး အားလုံးပေါင်း ၁၁ စီးဖြင့်ရောက်ရှိခြင်း ဖြစ် ကြောင်းသိရသည်။

ဖားကန့်မြို့နယ်ရှိ ဒုက္ခသည်စခန်းအသီးသီးတွင် ကြည့်ရှုကာကူညီပေးသွားခဲ့ပြီး ယနေ့တွင် မှော်ဝမ်း စစ်ပြေးဒုက္ခသည်စခန်းတွင် ထောက်ပံ့ ပစ္စည်းများဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိက္ခတော်ရ ဆရာတိုင်လွမ့် တူး ရော် (Tailum Tu Raw) ပြောသည်။

“မနေ့ကတော့ လောင်ခန် (လုံးခင်း)မှာကူညီပေးတယ်။ ဒီနေ့တော့ ဖားကန့်မှာ ဖားကန့်မြို့တွင်းမှာတော့ပြီးပြီ။ အခုတော့ မှော်ဝမ်းမှာ ပြန်ပေး နေတယ်။ မိသားစုလိုက် လူဦး ရေကိုကြည့်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲတွေပေးတယ်။ မိန်းကလေး တွေနဲ့ ပတ်သက်ပြီး သုံးဆောင်ရမယ့်ပစ္စည်း တွေကအစပေးတယ်။ အသက် ၆၀ အထက်နဲ့ ကိုယ်ဝန်ဆောင် မိခင်တို့ ကလေး ၂ နှစ်အောက်က လေး၊ ၆ လအောက်ကလေး အဲလိုမျိုးတွေ ကို သူတို့အတွက် သူတို့နဲ့အလိုက် လိုအပ်တဲ့ အာဟာရတွေပေးတယ်။ သူတို့က လူဦးရေ ၇၀၀၀ အတွက် ဆိုပြီးယူလာတာလို့ပြောတယ်” ဟု KNG ကချင် သတင်းဌာန သို့ ပြောသည်။

၎င်းတို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက မြစ်ကြီးနားမှ ဖားကန့်မြို့သို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရ အာ ဏာပိုင်များမှ ဆိုင်းငံ့ထားသောကြောင့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှ ၀င်ခွင့်ရခြင်းဖြစ်သည်။

အစိုးရမှ ထိုသို့ ဆိုင်းငံ့ထားခြင်းသည် နိုင်ငံခြားသား ၃ ဦးပါဝင်သောကြောင့် ထိုသွားလမ်းတွင်ရှိသော အစိုးရ ဂိတ်များကို ၎င်းတို့အား မြင်တွေ့ခွင့်မပြုလိုသောကြောင့်ဖြစ်သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun ပြောသည်။

“နိုင်ငံခြားသာ ၃ ယောက်ပါလို့ သူတို့ကို မသွားခိုင်းစေချင်လို့လေ။ ဂိတ်တွေကို မတွေ့ခိုင်းချင်လို့ပေါ့။ အခုတောင် ဂိတ်တွေကိုအကုန်လုံးရုတ် လိုက်ပြီးမှ သွားခိုင်းတာ လေ။”

အစိုးရ၏ပိတ်ပင်တားဆီးမှုနှင့် အဆိုပါ ဂိတ်များကြောင့် အဟန့်တားရှိမရှိ အခြေအနေကို မေးမြန်းဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ၄င်း ကိစ္စနှင့်ပတ်သက်၍ ပြောဆိုခွင့်မရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ကုလ ကူညီရေးအဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ဖားကန့်မှ ပြန်မည်ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ဒုက္ခသည်စခန်း ၃၂ ခုရှိပြီး ဒုက္ခသည် ၇၀၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့အ၀င် သိက္ခတော်ရ တိုင်လွမ့်တူးရော် (Tailum Tu Raw) ကပြောသည်။

No comments: