Monday, February 25, 2013

ဘိန်းစိမ်းများ သိုလှောင်ထားသည် ဟူသောသတင်းအရ ရဲတပ်ဖွဲ့က ဖမ်းဆီးရာမှ တူ မီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်

ကြီးမြင့်နိုင် (လွိုင်ကော် )

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ၊ မိုးဗြဲဆည်၏ အရှေ့ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ နေအိမ်တအိမ်အားဘိန်း စိမ်းများ ဝယ်ယူသိုလှောင်ထားသည်ဟူသော သတင်းအရ တောင် ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်း ဆီးရာ နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ နံနက် ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သူ အမျိုးသားတဦးမှာ မော်တော် ကားဖြင့် မောင်းနှင်ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ စုစုပေါင်း အင်အား ၁၃ ဦးခန့်တို့က ဟိုင်းလက်ကားနှစ်စီးဖြင့် အ သက် ၂၅ နှစ်အရွယ် ဆန်းနိုင် ဆိုသူ နေအိမ်ကို ဝိုင်းထားခဲ့ကြကြောင်း ၎င်းရဲတပ်ဖွဲ့များ ဝိုင်းထားသည့်အိမ်မှာ ဧကဝက်ခန့်ကျယ်ပြီး ရှစ်ပေခန့်အမြင့်ရှိ အုတ်တံတိုင်းဖြင့် ကာရံထားကြောင်း၊ ထိုအချိန်တွင် ဆန်းနိုင်က ဓါးပြဗျို့ ဟုနေအိမ်အ တွင်းမှ အော်ဟစ်သဖြင့် ရဲတပ်ဖွဲ့များက ယူ နီဖေါင်းများကို ကျေးရွာနေပြည်သူလူထုမှ မြင်သာစေရန်အတွက် အပေါ်အင်္ကျီများကို ချွတ်နေကြစဉ် နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် လှမ်း ပစ်လိုက်သဖြင့် တောင်ကြီးမူးယစ်အထူးအဖွဲ့မှ ရဲအုပ်သန်းဇော် ဝင်း၏ ဝဲဖက်တင်ပါးတွင် သံတိုသံစတခု ထိမှန်ခဲ့ကြောင်းသိရသည်။

ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ၁၂ ဦးခန့်က နံနက် ၉ နာရီခန့်တွင် ထပ်မံရောက်ရှိလာပြီး ထိုအချိန်မှာပင် ဆန်းနိုင်မှာ တူမီးသေနတ်ကို လက်တဖက်မှ ကိုင်ဆောင်လျက် ဆပ်(ဖ်)ကားအနက်ရောင်ကို မောင်း နှင် ထွက်ပြေးရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၄ ၊ ၅ ) ချက်ခန့် ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း ကျေးရွာနေ ရပ်မိရပ်ဖတဦးက ပြောသည်။

၎င်းရပ်မိရပ်ဖတဦးက “ ဆန်းနိုင်ရဲ့ နေအိမ်က နှစ်ထပ်တိုက်အိမ်ပါ။ မြေအောက်ခန်းလည်းရှိပါတယ်။ မြေအောက်ခန်းထဲမှာ ဘိန်းစိမ်းအနှံ့တွေလည်း ရပါတယ်။ ဘိန်းစိမ်း အကြွင်းအကျန်တွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။ များများစားစားတော့ မတွေ့ရတော့ပါ ဘူး။ ဆန်းနိုင်က မော်တော်ကားပေါ်ကို အထုပ်ငါးထုပ်လောက် ပစ်တင်သွားတာကို ပတ်ဝန်းကျင်အိမ် တွေက လှမ်းမြင်ရတယ်လို့ပြောပါ တယ်။ ပစ္စည်းတွေက ကားပေါ်မှာ ပါသွားတယ်ထင်ပါတယ်။ ဆန်းနိုင်က ကားကိုမောင်းနှင်ထွက်ပြေးတော့အေး အေးဆေးဆေးပဲ လို့အော် သွားပါသေးတယ်” လို့ ဆက်ပြောသည်။

ဆန်းနိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ဆန်းနိုင်မောင်းနှင်ခဲ့သည့် မော်တော်ကားကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ အုပ်စုအ တွင်းရှိ ခဲတောင်အနီးတွင် သေနတ်ထိမှန်ထားသောဒဏ်ရာ ခုနှစ်ခန့်နှင့် အတူ တွေ့ရှိခဲ့ကြကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံ တဦးထံမှ သိရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဖေဖေါ်ဝါရီလ ၂၄ရက်က မိုးဗြဲရဲစခန်းသို့ သွားရောက်၍သော်လည်းကောင်း ၊ ဖုန်းဖြင့် သော်လည်းကောင်း ဆက်သွယ်မေးမြန်းရာ မိုးဗြဲရဲစခန်းမှ ဒုရဲအုပ်တဦးက “ဘာမှမသိဘူး” ဟု ဖြေကြားပြီး ဖယ်ခုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကမူ “ ဒီဖြစ်ရပ်ဖြစ် ပွားခဲ့တာ မှန်ပါတယ်။ ဒီအသေးစိပ်ကိုတော့ အထက်လူကြီးတွေမှ သိမှာပါ” ဖြေကြားသည်။

ယခုအခင်း ဖြစ်ပွားရာနေရာ အနီးဝန်းကျင်ရှိ ဒေသများတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံ များစိုက်ပျိုးပါက ဖြစ်ထွန်းအောင် မြင်သော်လည်း ဘိန်းစိုက်ပျိုးသူများပြားနေပြီး ယခုနှစ်တွင်ဘိန်းစိမ်း တ ပိဿလျှင် ကျပ်ခုနှစ်သိန်း ပေါက်ဈေးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။


No comments: