Wednesday, February 27, 2013

မအူပင် လယ်သမား အရေးအခင်း တင်းမာနေဆဲ

နန်းသီရိလွင်


ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် လယ်သမားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ အဓိကရုဏ်းအပြီး ယနေ့ နေ့လည်ပိုင်းအချိန်အထိ အခြေအနေ ဆက် လက်တင်းမာနေကြောင်း သတင်းရရှိသည်။

“အခု လက်ရှိ ကျနော်တို့ လယ်သမားဦးရေ ၁၈၀ လောက်ရှိနေတယ်။ လုံထိန်းက ၂၀၀ လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ကတော့ ကန် ဘောင်ပေါ်မှာ ၁၄၄ ထုတ်ထား လို့ ကန်အောက်ဘက် လွတ်တဲ့ နေရာမှာ ဆင်းနေပါတယ်၊ လုံထိန်းတွေက တစ်ဘက်မှာရှိနေတယ်။ ကျနော်တို့ကတော့ ရုန်းရင်းဆန်ခတ်အဖြစ်မျိုးကို အတတ်နိုင်ဆုံး ရှောင်မှာပါ” ဟု လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် တောင်းဆိုသူ တစ်ဦးဖြစ်သည့် လယ်သမား ဦးမောင်မောင်စိုးက ဧရာဝတီကို ပြောသည်။

၁၉၉၆ ခုနှစ်က သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သတ်ပြီး ပြန်လည် စိုက်ပျိုးခွင့်ရရှိရန် သက်ဆိုင်ရာသို့ စာတင် တောင်းဆိုခဲ့ သော်လည်း အကြောင်းပြန်ကြားမှု မရှိသဖြင့် ဒေသခံ တောင်သူ လယ်သမားများက နွေစပါးဝင်ရောက် စိုက်ပျိုးရန် ကြိုးပမ်းရာမှ ဖေဖော်ဝါ ရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် အကြမ်းဖက် ရိုက်နှက်ကြခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး၊ လယ်သမား ၁၅ ဦး ဒဏ်ရာရရှိကာ မအူပင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားရပြီး ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း မအူပင်မြို့နယ်ရဲတပ် ဖွဲ့စခန်းက အတည်ပြု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လယ်သမားများ၏ ခံစားချက်၊ နစ်နာချက်များအတွက် အဖွဲ့ဖွဲ့စည်း၍ လွတ်တော်ကိုယ်စားလှယ်မှ တဆင့် တိုင်း ဒေသကြီး အစိုးရ၊ ပြည်ထောင်စု အစိုးရသို့ တင်သွင်းတောင်းဆိုရန် မအူပင် လွတ်တော်ကိုယ်စားလှယ်များမှ တဆင့်ညှိနိုင်းခဲ့ရာ လယ်မြေ သိမ်းယူပြီး အော့ချဒ်ကုမ္ပဏီက ငါးကန်အဖြစ် အသုံးပြုနေသည့် နေရာကို ရေထပ်မသွင်းရန်၊ ငါးဖမ်းဆီးခြင်းမပြုရန်၊ ငါးကန်အတွင်းသို့ ကု မ္ပဏီနှင့် လယ်သမားများ ၂ ဘက်စလုံးမှ ငါးဖမ်းခြင်း၊ ကန်ဆယ်ခြင်း မပြုလုပ်ရန်တို့ကို လယ်သမားများမှ သဘောတူညီခဲ့ကြောင်း၊ သို့သော် ရန်ကုန်မြို့မှ ရောက်ရှိနေသည့် လှိုင်သာယာ ဗေဒါ သင်တန်း ကျောင်းမှ အဖွဲ့ခေါင်းဆောင်များက လယ်သမားများ လူစု မခွဲရန် ပြောကြား ခဲ့ ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စည်းကျော်၍ လူစုခွဲခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။

“ကျနော်တို့ ဒီကန်ဘောင်ပေါ်က ဆင်းသွားရင် လယ်တွေ ပြန်ရမှာ မဟုတ်ဖူး၊ ဒီလို လူစုစည်းနိုင်ဖို့ကလည်း နောက်ထပ် ထပ်မလွယ်တဲ့အ တွက် လယ်တွေ ပြန်ရမယ်လို့ ကတိပြုချက်လိုမျိုး တခုခု ခိုင်ခိုင်မာမာရမှ ဆင်းမယ်လို့ သူတို့က ပြောတဲ့အတွက် ကျနော်တို့လည်း လူစုမခွဲ ခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ကျနော်တို့ကာရံထားတဲ့ စည်းကို ဖောက်ပြီး ၀င်လာတော့ ကျနော်တို့က လမ်း ဖယ်ပေးလိုက်တယ်။ ကျနော်တို့အုပ်စု အလယ်လောက်လည်းရောက်ရော အမျိုးသမီးတွေကို စရိုက်တဲ့အတွက် ကျနော်တို့လည်း ပြန်ခုခံခဲ့ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းအတွေ့အကြုံကို ဒေသခံ လယ်သမား တစ်ဦးက ဧရာဝတီကို ပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းကလည်း နောက်ဆုံး အခြေအနေကို ဧရာဝတီသို့ ယခုလို ပြောဆို သည်။

“ကျနော်တို့ကတော့ ဥပဒေ စိုးမိုးရေးအတွက်ပဲ ဒီမှာ ဆက်နေရာယူထားပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ကို အကြမ်းမဖက်သ၍ ကျနော်တို့ကလည်း ဘာမှ လုပ်ဖို့ မရှိပါ ဘူး။ ၀ါးရုံတွေခုတ်မယ်၊ ရေကန်ကို ဖောက်ချမယ် မီးရှို့ဖျက်စီးမယ်ဆိုတဲ့ အလုပ်တွေကို လုပ်တယ်ဆိုရင် ဥပဒေ စိုးမိုးရေးကို ထိခိုက်တာ ဖြစ်တဲ့အတွက် ဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့က ဒီမှာ ဆက်နေရာ ယူထားပါမယ်၊ မနေ့က ညှိနှိုင်းပြီး ဖြစ်လို့ ဒီနေ့ ဆက်ညှိဖို့ အစီအစဉ်မရှိပါဘူး။”

ရန်ကုန်မြို့ Excel တာဝါတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား နှီးနှော ဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၂၅၊ ၂၆ ရက်များတွင် တစ်နိုင် ငံလုံးမှ တောင်သူ လယ်သမား ၁၅၀ ကျော် တက်ရောက် ကျင်းပနေ ချိန် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သိမ်းဆည်းခံ လယ်ယာများ ပြန်လည်ရရှိရေး လှုပ်ရှားသူ မအူပင် တောင်သူလယ်သမားများနှင့် ဖြိုခွင်းသူ ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments: