Thursday, February 28, 2013

ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ လိုင်ဇာမြို့ ဒုက္ခသည်စခန်းသို့ဝင်ရောက်ကာ ဆေးဝါးပစ္စည်းများ ကူညီပေး

KNG

တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့သို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ ယမန်နေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် ဆေးဝါးပစ္စည်းများ လာရောက် ကူညီ ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ လိုင်ဇာမြို့အနီးတ၀ိုက်ရှိ စစ်ပြေးဒုက္ခသည်စခန်း အတွက် ဆေးဝါးပစ္စည်း ကိရိယာ များများကို ICRC ကား ၃ စီးဖြင့် သယ်ဆောင်ကာ ကူညီပေးဝင် ရောက်လာခြင်းဖြစ်သည်ဟု KIO ဒုက္ခသည် ကယ်ဆယ် ရေးကော် မတီ ဥက္ကဌ ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) ပြောသည်။

“မနေ့ကရောက်တယ်။ ဒီမနက်က လိုင်ဇာပြည်သူ့ဆေးရုံနဲ့ စစ်တပ်ဆေးရုံတွေမှာ လိုက်ကြည့်တယ်။ ဒီနေ့တော့ ဒုက္ခသည်စခန်းတွေကိုသွား တယ်။ သူတို့အဓိကတော့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့လူတွေ၊ စစ်ကြောင့် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေ ဘယ်လိုနေတယ်ဆိုတာတွေကို လာ လည့်လာတာဟုတ်တယ်။ ဆက်ပြီး ဘာတွေလိုတယ်။ ဘာတွေကူညီရမယ်ဆိုတာတွေကို လာကြည့်တယ် ဆိုတာတွေပြောတယ်။”

လိုင်ဇာပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံသုံးပစ္စည်းကိရိယာများ လာရောက် ကူညီပေးခဲ့ကြောင်း လိုင်ဇာပြည်သူ့ဆေးရုံအုပ်ကြီး ဦးတူးအောင် (Salang Tu Awng) က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကတ်ကြေးလိုမျိုးတွေ အများပိုင်းက ဆေးရုံမှာ ကိုင်တဲ့ ပစ္စည်းကိရိယာတွေဟုတ်တယ်။ ချိုင်းထောက်တွေပါတယ်။ လူနာတွေထိုင်ပြီးတွန်း တဲ့ဟာမျိုး ထိုင်ခုံတွေလည်း ပါတယ်။ ကျနော်တို့မှာတော့ ဆေးတွေက မပါဘူး။ သူတို့က ဖြစ်နိုင်သလောက်လာကူညီထားတာပါ ဆိုပြီးပြော တယ်။”

နိုင်ငံတကာအဖွဲ့အစည်း မှယခုလို လက်ရှိခက်ခဲတွေ့ကြုံနေသည့် အခြေအနေကို လာရောက်ကူညီ ကြည့်ရှုခြင်းအားဖြင့် နှောင်အတွက် အကူ အညီအခွင့်အလမ်းများပိုမိုအလားအလာကောင်းလာနိုင်သည်ဟု ဆလန်ကဘား ဒွဲပီဆာ (Salang Kaba Doi Pyi Sa) သုံးသပ်ပြောဆိုသည်။

“သူတို့ အခုလိုအစီအစဉ်နဲ့ လာရောက်တာကောင်းတယ်။ သူတို့ ရန်ကုန်တို့ နိုင်ငံတကာက သတင်းပဲနားထောင်နေရင် KIO ကလို သလိုလို အ စိုးရက ကောင်းသလိုလို အဲလိုမျိုးတွေ သူတို့အတွက် နားလည်ရ ခက်တယ်။ ဒီကိုရောက်လာပြီး ကျနော်တို့နဲ့ တွေ့ဆုံစကားပြောတယ်။ ဒုက္ခ သည်အခြေအနေတွေ ပြောပြတယ်။ နေရာတွေကိုလိုက်ပြတယ်။ လက်ရှိနိုင်ငံရေးအခြေအ နေ တွေကိုလည်း သက်ဆိုင်ရာ လူကြီးတွေ က နေပြီး သိသင့် သိထိုက်တာတွေကို ပြောပြတယ်။ သူတို့ ဒီကိုလာတွေ့ဆုံ သွားတော့ ဒီကအကြောင်းလည်း ပိုသိသွားတယ်။ သူတို့ကိုယ်တိုင် လည်း ပြည်ပမှာ တ ကယ်ပဲ မှန်ကန်တဲ့ သက်သေအနေနဲ့ ပြောပြ နိုင်တဲ့ လူတွေဟုတ်တယ်။ အဲဒါက နောင်အတွက် ကောင်းတဲ့ အဖြေ ထွက် လာနိုင်တယ်ဆိုတာကို တွေ့ရတယ်။”

၎င်းအဖွဲ့ကို နိုင်ငံခြားသား Dominik Urban ဦးဆောင်ကာ နိုင်င်ငံခြားသား ၄ ဦး အပါအ၀င် အဖွဲ့ဝင် ၉ ဦးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက ဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ခွာခဲ့သော်လည်း လဂျားယန် မရောက်မီ မုန်လိုင်ချောင်းတံတားတွင် လဂျားယန် အစိုးတပ်ဖွဲ့များမှ လုံခြုံရေးတာဝန် မယူပေးနိုင်ကြောင်း ပြောဆိုခြင်းကြောင့် ၎င်းတို့သည် ဗန်းမော်တို့ပြန်ဆုတ်သွားကာ လွယ်ဂျယ်-မိုင်ဂျာယန်ဘက်မှ KIO ဌာနချုပ်သို့ ပြန်ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ဗန်းမော်ဘက်ကနေပြီး ဒေါ့ဖုန်းယန်လမ်းကနေ လာခဲ့တာ။ မုန်လိုင်ခချောင်း ကူးမှ လိုင်ဇာအနီး လဂျားယန်ရောက်တာလေ။ အဲဒီမှာ ဖြတ်ကူးမယ့် တံတားမှာ ကားသွားလို့မရဘူး။ KIA တွေ မိုင်း ထောင်ထားတယ်။ လုံခြုံမှုမရှိဘူး။ ဆိုပြီး ပြန်ဆုတ်ခိုင်းလိုက်တယ်တဲ့။ အဲဒီကနေ သူတို့ ဗန်းမော်ထိ ပြန်ဆုတ်သွားတယ်။ ဗန်းမော်ကနေ လွယ်ဂျေ ပြီးတော့ KIO နယ်မြေ မိုင်ဂျာယန်ရောက်တော့ ကျနော်တို့လာကြိုတယ်။” ဟု ဆလန်ကဘား ဒွဲပီဆာ ပြောသည်။

အဆိုပါ ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အဖွဲ့တို့သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ပြန်လည် ထွက် ခွာမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ယခုလဆန်းပိုင်းက ကချင်ပြည်နယ်ကို နိုင်ငံတကာ UN အကူအညီတွေခွင့်ပြုလိုက်ကြောင်း ပြောဆိုခဲ့ သည့်နောက်ပိုင်း ကချင်ပြည်နယ်သို့ ဒုက္ခသည်အတွက်အကူအညီ များ ဆက်တိုက်ဝင်ရောက်လာခြင်းဖြစ်သော်လည်း သမ္မတ၏ပြောဆိုမှုအား လက်တွေ့ကျမကျကို အခြေအနေ စောင့်ကြည့်ရန်နေချိန်လည်းဖြစ်ကြောင်းသိရသည်။

No comments: