နန်းမြနဒီ
ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး တိုက်ပွဲ ၂ ရက် ဆက်ဖြစ်ခဲ့တဲ့အပေါ်မှာ ရှမ်းပြည် တပ်မတော်မြောက်ပိုင်းက ကိုယ်စားလှယ်တွေနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်လည်း ဒီနေ့မနက်စောစောမှာ ပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောဝ်ဒေသ လွိုင်လန်းတောင်နားမှာ ခလရ ၃၂၂ အစိုးရတပ် အင်အား ၁၆၀ လောက် ဝင်ရောက်လှုပ်ရှားနေပြီး ပြီးခဲ့တဲ့ ၁၉ ၊ ၂၀ နဲ့ ၂၂ ရက်နေ့တွေမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်တာနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ သမ္မတဆီကို လိပ်မူပြီးစာတစောင် ပေးပို့ခဲ့သလို ဗိုလ်ကြီး စိုင်းနော်လိတ်နဲ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လှတို့ ၂ ဦးဟာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ သွားတွေ့ခဲ့ပါတယ်။
ဒါပေမယ့် ၂၁ ရက်နေ့ ညပိုင်းမှာ အစိုးရတပ် စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီး ဝင်းသိန်းက သူတို့ကို ဖယ်ပေးဖို့ ဆက်ဆံရေးအရာရှိကနေ တဆင့်ပြောဆိုခဲ့ပြီး ရှမ်းတပ်ကလည်း ဖယ်မပေးနိုင်တဲ့အတွက် ပစ်ခတ်မှုတွေ ပြန်ဖြစ်တာလို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
“သမ္မတဆီ တရားဝင် စာတင်ပြီး စစ်ရေးနည်းနဲ့မဖြေရှင်းဖို့ တင်ထားတယ်။ သမ္မတကလည်း အမိန့်ထုတ်ထားတယ် ပြောတယ်။ အခုက တပ်ကပြန်ဖြစ်တယ်ဆိုတော့ တပ်ကသမ္မတအမိန့်ကို မနာခံတဲ့သဘော သက်ရောက်နေတယ်။ တိုင်းမှူးကလည်း ဆက်မဖြစ်ဖို့ သူ့တပ်ကို ထိန်းသိမ်းတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် မနေ့က လားရှိုးက ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြောတယ်။ ကျနော်တို့တပ်တွေကို ဖယ်ပေးရင် ဖယ်ပေး မဖယ်ပေးရင် တိုက်မယ်တဲ့။ တကယ်လည်း တိုက်တာပဲလေ။ ဒီနေ့လည်း ၆ နာရီခွဲက စပြန်ဖြစ်တယ်။ ကျနော်တို့ရှိတဲ့နေရာကို တိုက်တာ။ ”
ဒီနေ့ မနက် ဖြစ်ပွားတဲ့ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရမှု အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
အခု ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့နေရာဟာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က သူတို့ တပ်မိသားစုတွေအတွက် စံပြရွာကြီးတရွာ တည်ဆောက်ဖို့ လုပ်နေတဲ့နေရာနဲ့ ၆ မိုင်အကွာမှာ ရှိတယ်လို့ ပြောပါတယ်။
အဲဒီရွာဆောက်ဖို့ အစိုးရနဲ့ သဘောတူထားပြီးဖြစ်သလို ကျေးရွာရေရရှိရေး၊ ရာဘာပင်နဲ့ နွေစပါး စိုက်ပျိုးရေးတွေ စတင်နေတဲ့အတွက် ခုလိုပစ်ခတ်မှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းကိုလည်း အနှောင့်အယှက် ဖြစ်တယ်လို့ အက်စ်အက်စ်အေက ပြောပါတယ်။
တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတဲ့အချိန်ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတက်ခဲ့သူ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ကိုယ်စားလှယ် ဗိုလ်မှူးကြီးစဝ်ပိုင်ဖက ယူအန်အက်ဖ်စီ ဆွေးနွေးပွဲမှာ နိုင်ငံရေးကိစ္စသာ ဆွေးနွေးကြတဲ့အတွက် တိုက်ပွဲကိစ္စ တင်ပြဖို့ အချိန်မရခဲ့ဘူးလို့ ပြောပါတယ်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ဟာ ၂၀၁၀ ခုနှစ်က အစိုးရတပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်ကြောင့် ၂၀၁၁ ခုနှစ်ထဲမှာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးကာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပစ်ခတ်မှုတွေ အနည်းဆုံး ၈၀ လောက် ပြန်ဖြစ်ခဲ့တယ်လို့ အက်စ်အက်စ်အေမြောက်ပိုင်းက ပြောပါတယ်။
No comments:
Post a Comment