Tuesday, February 26, 2013

ခမရ ၃၅၃ တပ်ရင်းမှ ရေယာဉ်ခွန်များ အတင်းအဓမ္မ ကောက်ခံနေ

မိုးဇော်

ရခိုင်ပြည် စစ်တွေခရိုင်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတစ်ဖက်ကမ်းရှိ ရွာညာ ကုလားရွာ၌ အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ စစ် ဝန်ထမ်းများသည် မြစ်အတွင်းသွားလာနေသည့် ခရီးသည်ရေယာဉ် များအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အခွန် များကောက်ခံနေကြောင်း သတင်းရရှိသည်။

ဖေဖောက်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျွဲနင်းကန်ကျေးရွာမှ ကျောက်တော်မြို့သို့ သွားသော စက်လှေတစ်စီးအား သေနတ်ပစ်၍ အခွန်တောင်းခံခဲ့ကြောင်း ၄င်းစက်လှေပိုင်ရှင် ကိုဌေးကျော်က ပြော သည်။

" ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျနော်တို့ စက်လှေက ကျောက်တော်မြို့ကို သွားတော့ စစ်တပ်က သေနတ်ဖေါက်ပြီးခေါ်တယ်၊ ကျနော်တို့ ရောက်သွားတော့ မင်းတို့မကြားဘူးလား၊ ကျေဆန်တန်ဖိုး ဘယ် လောက် ကုန်လဲ မင်းသိလား ဆိုပြီးပြောပါတယ်။ ကျနော်လည်း မသိဘူးလို့ ပြောလိုက်တော့ မသိရင်မှတ်ထား ကျည်တစ်တောင့်ကို ငါးထောင်ပေးရတယ်။ ဒါကြောင့် မင်းတို့ ကျည်ဖို့ ငါးထောင်ပေးရမယ်လို့ ပြောတော့ ကျနော်တို့မှာ ပိုက်ဆံမရှိဘူးပြောတဲ့အတွက် စက်မောင်းတဲ့ စက်ဂေါက်ကို သိမ်းသွားခဲ့တယ်၊ ကျနော်တို့မှာက စက်ဂေါက်မရှိရင် စက်မောင်းလို့မရတဲ့အတွက် နောက်ဆုံး ငွေ နှစ်ထောင့်ငါး ပေးခဲ့ ရပါတယ်။ " ဟု စက်လှေပိုင်ရှင် ကိုဌေးကျော်ကပြောသည်။

အဆိုပါနေ့ နံနက် ၉ နာရီခွဲခန့်တွင်လည်း စက်လှေပိုင်ရှင် ကိုမောင်ခင်ညွန့် ထံမှလည်း သေနတ်ပစ်ဖေါက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အ ခွန်ကောက်ခံခဲ့ကြောင်း သိရသည်။

" အဲ့ဒီနေ့ကလည်း ကိုမောင်ခင်ညွန့် စက်လှေ ဆီမှာလည်း အတင်းအဓမ္မ တောင်းတဲ့အတွက် အခွန်ငွေ ၂၀၀၀ ပေးခဲ့ရတယ်လို့ သိရတယ်၊ အ ခွန်ငွေကောက်တာက ခရီသည်တင် ပြေးဆွဲနေတဲ့ လှိုင်းဘုတ် တွေ ဆီကနေ အဓိကထား ကောက်ခံနေကြပါတယ်။ ကျနော်တို့မသိသေးတဲ့ စက်လှေတွေလည်း အများကြီးရှိအုံ့မှာပါ။ ဒီတပတ်အတွင်းမှာပဲ စပြီးတောင်းလာကြတာ ဖြစ်တယ်၊ တချို့က ကြောက်ကြလို့ ဘယ်သူ့ကိုမှ မ ပြော ၀ံ့ကြဘူး။ " ဟု အဆိုပါ စက်လှေပိုင်ရှင်က ဆက်လက်ပြောကြားခဲ့သည်။

ကုလားတန်ပရိုဂျပ် စီမံကိန်းဖြစ်သည့် စစ်တွေရေနပ်ဆိပ်ကမ်းမှာ ပြီးလုနီးပါးအခြေအနေရောက်ရှိနေသည့်အတွက် ကုလားတန်မြစ်ကြော တစ်လျှောက်တွင် ယခင်ကထက် စစ်တပ်များတိုးချလာခြင်းဖြစ်ပြီး တိုး ချလာသည်နှင့် ဒေသခံတွေအတွက် ပိုပြီးအန္တရာဖြစ်လာနိုင်ကြောင်း စစ်တွေအခြေပြု လူမှုရေးငန်းအဖွဲ့တစ်ဖွဲ့မှ ပြောသည်။

အဆိုပါမြို့နယ်ရှိ ပီချောင်းမြစ်ကမ်းဘေး၌ အခြေစိုက်သည့် ခမရ ၅၆၅ တပ်ရင်းမှလည်း ဖေဖော်ဝါရီလ ပထမအပတ်တွင် မြစ်အတွင်းသွားလာ နေသာ စက်လှေများထံမှ အကောက်အခွန်များကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သိရသည်။

No comments: