Tuesday, February 19, 2013

လူမျိုးနေရာ၌ မိမိလူမျိုးအမည်မထည့်ပါက အမျိုးသားရေးအ ခွင့်အရေးဆုံးရှုံးမည်ကို နိုင်ငံရေးသမားများစိုးရိမ်

သျှမ်းသံတော်ဆင့်

နိုင်ငံသားမှတ်ပုံတင်လုပ်ပေးရာတွင် လူမျိုးနေရာ၌ မိမိလူမျိုးမဟုတ်သော တခြားလူမျိုးထည့်ရေးပါက အမျိုးသား ရေး အခွင့်အရေးလူ့အခွင့် အရေးဆုံးရှုံးမည်ဖြစ်ကြောင်း ကျားဖြူပါတီ လွှတ်တော်အမတ် က ပြောပါသည်။

“ တိုင်းလျဲန် တွေနဲ့ တိုင်းနေ တွေကို သျှမ်း- ဗမာ၊ သျှမ်း-တရုတ်၊ ဗမာ အစရှိ လူမျိုးနာမည်တွေထည့်လိုက်ရင် ကြာလာတော့ သျှမ်းတွေက ပြုတ်ကျ ကျန်ခဲ့ပြီး ဗမာ၊ တရုတ် လောက်ဘဲကျန်တော့တယ်။ အဲလိုဆိုရင် တိုင်းရင်းသားအခွင့်အရေး တွေဆုံး ရှုံးမယ်။ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမယ်ပေါ့နော်။ အဲတာကြောင့် သူတို့တွေကို သူတို့လိုချင်တဲ့ လူမျိုးနာမည် ရစေချင်ပါတယ်။ အိမ်မှာ သန်းခေါင်စာရင်းလာကောက်ရင်၊ မှတ်ပုံတင်လာလုပ်ပေးရင် လူမျိုးနေရာမှာ သျှမ်း၊ တိုင်းလျဲန် အစရှိလိုချင်တာကို ပြောပြဖို့ တိုက်တွန်းလိုပါတယ်” ဟု ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက သျှမ်းသံတော် ဆင့်အားပြော ပြသည်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း သျှမ်းနီ (တိုင်းလျဲန်)သျှမ်းများနှင့်တွေ့ဆုံပြီးနောက်ပိုင်း ယခုလ ၁၄ ရက်နေ့က လဝက နှင့် သန်းခေါင်စာရင်း ဥပဒေကြမ်းဆွေးနွေးခဲ့စဉ် လူမျိုးကိစ္စနှင့်ပတ်သက်ပြီး တင်ပြခဲ့ ကြောင်း နန်းဝါနုက ဆိုပါသည်။

“သျှမ်းနီခေါ်တိုင်းလျဲန်တွေဟာ ကချင်နဲ့စစ်ကိုင်းနဲ့ချင်းတွင်းမြစ်ရိုးတလျှောက်မှာနေထိုင်တယ်။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုရယ် ၊ လူမျိုး ရေးဖိနှိပ်မှုရယ်တို့ကြောင့် သျှမ်းနီတွေဟာမှတ်ပုံတင်မှာ သျှမ်း-ဗမာ လို့ထဲ့ထားတယ်။ အစိုးရပြောပြောနေတဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားထဲ မှာ ဆိုရင် တိုင်းလျဲန်လို့ ရေးထားတာ တွေ့ရတယ်။ ဒါကြောင့် သျှမ်းနီ ဖြစ်ဖြစ် တိုင်းလျဲန် ဖြစ်ဖြစ် ထည့်ပေးစေချင်တယ်လို့ တောင်းဆိုလာ တော့ လွှတ်တော်ထဲမှာ ကျမတင်ပြပေး လိုက် တယ်။ လဝက ဖြေသွားတာကတော့ သန်းခေါင်စာရင်း အစမ်းကောက်ရင် လဝက အနေနဲ့ လွှတ်တော်ထဲမှာ တင်ပြ ပေးမယ်။ အဲ့ချိန်ကျရင် သျှမ်းနီရဲ့သမိုင်း၊ ဖြစ်ပေါ်လာပုံ တွေကိုရေးပြီးတော့လွှတ်တော်ထဲမှာတင်ပြ လိုက်ပါ။ လဝက တွေကိုယ်တိုင်အနေနဲ့တော့ပြင်ဆင်ခွင့်မရှိပါဘူးလို့ပြန်ဖြေတယ်။”

အလားတူ လောလောလတ်လတ် ကချင်ပြည်နယ်စစ်ပွဲကြောင့် ကချင်ပြည်နယ်နေ သျှမ်းလူမျိုးများလည်း စစ်ဘေး စစ်ဒဏ်ခံရကာ စစ်ဘေး ဒုက္ခသည်စခန်း ၂ နေရာကိုလည်း သွားရောက်ကြည့်ရှုခဲ့ရသည့် နန်းဝါနုကဆိုပါသည်။

“ နောက်တခုက တိုင်းနေ တွေပေါ့။ သူတို့မှတ်ပုံတင်ထဲမှာ သျှမ်းတရုတ် လို့ရေး ထားတယ်။ နောက်ပိုင်းကြာ လာတော့သျှမ်း ကပြုတ်ပြီးတရုတ် ဘဲကျန်တယ်။ ဆိုတော့မြန် မာပြည်မှာနေထိုင်ဖို့၊ မြေဝယ်ဖို့ စီး ပွါးရေးလုပ်ဖို့အခွင့်အရေး နိုင်ငံသားဖြစ်ခွင့် နဲ့ တိုင်းရင်းသားအခွင့် အရေး တွေက ဆုံးရှုံးသွားတယ်။ အဲလိုလဲ အများကြီး တွေ့ ရတယ်။ လဝကရုံးတွေမှာ ရေးထား သလို ပေါ့နော်။ မြေမျို၍လူမျိုးမသုဉ်း လူမျို၍ လူမျိုး ပြုတ်မယ်ဆို တာလေ။ သျှမ်းဖြစ်ပေမယ့် လူမျိုးနေရာမှာ သျှမ်းလို့ မထဲ့ထားရင် ကျမတို့တိုင်းရင်းသား ရေးရာဝန်ကြီး အတွက်လဲအခွင့် အရေး ဆုံးရှုံးတာပေါ့နော်။ ဥပမာ ကချင်ပြည်နယ်မှာ ဆိုရင် သျှမ်းလူ ဦးရေ ငါးသောင်းပြည့်ရင် သျှမ်းတိုင်းရင်း သားရေး ရာဝန်ကြီးရွေးလို့ရတယ် လေ။ ”

သို့သော် ၂၀၁၄ သန်းခေါင်စာရင်းကောက်ပါက လူမျိုးနေရာ၌ ကာယကံရှင်ပြောသည့်အတိုင်းသာ ရေးမှတ်ပေးမည်ဖြစ် ကြောင်း လဝက အ ရာရှိကပြောသည်ဟု ဆိုပါသည်။

No comments: