Friday, February 1, 2013

လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှု ဖော့စ်ဖရပ် ဗုံး သုံးကြောင်းတွေ့ရှိ

မေစစ်ပိုင်

စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများကို ဖြိုခွဲရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အဖြူရောင် ဖော့စ် ဖရပ် ဗုံး များ အသုံးပြုခဲ့ကြောင်း သိရသည်။

မြန်မာရှေ့နေများနှင့် အမေရိကန် လူ့အခွင့်အရေးရှေ့နေတဦးသည် အဓိကရုဏ်းဖြစ်ပွားခဲ့သည့်နေရာမှ စုဆောင်းခဲ့သော သက် သေခံများ ထဲမှ သတ္တု ဗုံးခွံကို ယူ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိက ဓာတ် ခွဲခန်းတခုသို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း၊ ဓာတ်ခွဲခန်း ကျွမ်းကျင်ပ ညာရှင်က ဗုံးခွံတွင် ဖော့စ်ဖရပ် အပြင်းစားများ ပါဝင်သည်ကို စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ယင်း စစ်ဆေး တွေ့ရှိချက် မိတ္ထူစာရွက် ကို သတင်း ထောက် တဦးလည်း ကြည့်ရှုခွင့်ရခဲ့ကြောင်း နယူး ယောက်တိုင်းမ် သတင်းစာက ဇန်န၀ါရီ ၃၁ ရက်စွဲဖြင့် ရေးသား ထားခြင်း ဖြစ်သည်။

အထက်မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် ဥပဒေ ကော်မတီ ခေါင်းဆောင် ဦးသိန်းသန်းဦး ကလည်း “ဖော့စ်ဖရပ် ပါတဲ့ လက်နက် အသုံးပြု ခဲ့တယ်လို့ ကျနော်တို့ အသေအ ချာ ယုံကြည်ပါတယ်၊ လူတွေ ဆန္ဒမပြကြဖို့ သတိပေး ခြိမ်းခြောက်တဲ့ လုပ်ရပ်ပဲ”ဟု နယူးယောက် တိုင်းမ် ကို ပြောဆိုသည်။

အဖြူရောင် ဖော့စ်ဖရပ်သည် ဓာတုအဆိပ်သင့် သေဆုံးနိုင်သောကြောင့် ၁၉၉၃ နိုင်ငံတကာ သဘောတူညီချက်အရ အသုံးမပြုရန် တားမြစ် ထားသည်ဟု စတော့ဟုမ်းခ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန တက္ကသိုလ် ၏ ဓာတုဗေဒ လက်နက် ဆိုင်ရာ အကြီး တန်း သုတေသန ပညာရှင် ဂျွန်ဟတ် က ပြောကြားကြောင်း နယူးယောက် တိုင်းမ် က ဖော်ပြထားသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို လက်ပံတောင်း ဖြိုခွင်းမှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် မည်သည့် လက်နက် အသုံးပြု ခဲ့သည်ကို ဖြေကြားရန် ငြင်းဆိုကြောင်း သိရသည်။

လက်ပံတောင်း အဓိကရုဏ်းအတွင်း သံဃာတော် တပါးဖြစ်သည့် ဦးတိက္ခဉာဏ သည် ခန္ဓာကိုယ် ၏ ၄၀ ရာခိုင်နှုန်းခန့် မီးလောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် အစိုးရက ဘန်ကောက်မြို့သို့ လေယာဉ်ဖြင့် ပို့ဆောင် ကုသခဲ့ရသည်။

ဦးတိက္ခဉာဏ က“မီးလောင်ဗုံးနဲ့ ပစ်တာ မြင်လိုက်ပြီးတော့ တကိုယ်လုံးကို မီးစွဲသွားတယ်၊ ပြီးတော့ မီးငြိမ်းနိုင်ဖို့ မြေပေါ်မှာ လူးလှိမ့် နေခဲ့ရ တယ်”ဟု နယူး ယောက် တိုင်းမ်ကို ပြောပြသည်။

ထို့ပြင် ဦးတိက္ခဉာဏ ၏ မီးလောင်ဒဏ်ရာများကို ကုသပေးနေသော ဒေါက်တာ ချက်ချိုင်း ဖရွတ်ခ်စပွန်ကလည်း သံဃာတော် သည် ပြင်း ထန်ပြီး မီးလောင်လွယ်သည့် အရာတခုခုဖြင့် မီးဟပ်ခံရသည်ဟု ယူ ဆကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်း မငြိမ်သက်မှု အတွင်း ဗုံးဒဏ်ရာရ ရှိခဲ့သော စစ်သားများ၏ဒဏ်ရာနှင့် ဆင်တူကြောင်း၊ မျက်ရည်ယိုဗုံးဆိုပါက ယခုကဲ့သို့ မပြင်းထန်ကြောင်း ပြော ကြား ထားသည်။

လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်သည့် ရှေ့နေများ၏ အစီရင်ခံစာသည် ရက်အနည်းငယ်အတွင်း ထွက်မည်ဟု အမေရိကန် လူ့ အခွင့်အရေးဆိုင်ရာရှေ့နေ ရော်ဂျာ နော်မန် က ပြောကြားကြောင်း လည်း နယူးယောက် တိုင်းမ်တွင် ဖော်ပြထား သည်။

ရော်ဂျာ နော်မန်က ဗုံးခွံများကို ဘန်ကောက်မြို့ သြစတြေးလျ ကုမ္ပဏီပိုင် ALS ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲခန်းမှာ ဓာတုပစ္စည်း နမူနာများစစ်ဆေးခြင်းကို အဓိကထားသော ဓာတ်ခွဲခန်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အသုံးပြုခဲ့သော လက်နက်မှာ တခါမှမတွေ့ဘူးသေးသော အလွန်အငွေ့ပျံလွယ်ပြီး အန္တရာယ်များလွန်းသည်ဟုလည်း ရော်ဂျာ နော်မန်က ပြောဆိုထားသည်။

ဗုံးနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပို့ထားပြီးဖြစ်ကြောင်း၊ အစိုးရက ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော ကော်မရှင်၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား တင်ပြ ရန် ပြောကြား ထားသော်လည်း လက်ရှိတွင် နောက်ကျနေကြောင်း၊ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီး ယားခရီးစဉ်ကြောင့် ပိုပြီး နောက်ကျနိုင် ကြောင်း နယူးယောက် တိုင်းမ်တွင် ပါရှိသည်။

လက်ပံတောင်းတောင် စီမံကိန်း ဒေသရှိ ရွာသားများကလည်း အကြမ်းဖက်ဖြိုခွဲပြီးသည့်တိုင် နောက်မဆုတ်ရန် ဆုံးဖြတ်ထားကြောင်း၊ ဒေသ ခံ တဦးဖြစ်သည့် မအေးနက် ဆိုသူက အကြမ်းဖက် ဖြိုခွင်းမှုတွင် ထိခိုက်ခဲ့သူများအတွက် တရားမျှတမှု လိုချင် သည် ဟု ပြောကြား ကြောင်း နယူးယောက် တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

၂၀၁၂ ခု နိုဝင်ဘာ ၂၉ ရက် မနက်စောစောပိုင်းက လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲမှုကြောင့် သံဃာတော် အပါး ၇၀ ကျော်နှင့် လူ ပုဂ္ဂိုလ် ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ပြီး သံဃာတော် ၄ ပါးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

လက်ပံတောင်းတောင် အဓိကရုဏ်းတွင် ဒဏ်ရာရ သံဃာတော်များ၏ ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီး နောက် လူထုအနေဖြင့်လည်း ထိတ်လန့် အံ့သြ မှုများ ဖြစ်ခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်၍ တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ထိုသို့သော ဖြေရှင်း ချက်သည် ယခင်စစ်အစိုးရ လက်ထက် က အသုံးပြုခဲ့သော ဖိနှိပ်မှု နည်းများနှင့် ဆင်တူနေသည့် အတွက် စိုးရိမ်မိကြောင်း လည်း နယူးယောက် တိုင်းမ်တွင် ပါရှိသည်။

No comments: