Friday, April 26, 2013

နားမလည်သောတရုတ်စာဖြင့် သျှမ်းလယ်သမားများအား တရုတ်ကုမ္မဏီအဓမ္မလက်မှတ်ထိုးခိုင်း

သျှမ်းသံတော်ဆင့်

ဂက်စ်နှင့်ရေနံစိမ်း ပိုက်လိုင်းပေါက်ကွဲခဲ့ပါက ရွာသားများအား တာဝန်ယူပေးမည့်သူကိုသိရှိလိုကြောင်း သျှမ်းပြည် ဝန်ကြီး ချုပ်ထံ လယ်သမားကိုယ်စားလှယ်မှ ဆန္ဒပြုလွှာသွားရောက်တင်ပြနေစဉ် တရုတ်ကုမ္မဏီက တရုတ်ဘာသာ စာချုပ် တွင် ရွာသားများအား အတင်းလက်မှတ်ရေးထိုးခိုင်းကြောင်း နမ့်ခမ်းဒေသခံ များကပြောသည်။

ယခုလ ၅ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းမှ လယ်သမားများကိုယ်စား နမ့်ခမ်းမြို့ လယ်သမား ၁၄ ဦးက သျှမ်းပြည်ဝန်ကြီး ချုပ်ထံ ဓါတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်၍ နစ်နာသူတောင်သူလယ်သမားများ ဆန္ဒပြုလွှာ ၆ ချက် တင်ပြရန် တောင်ကြီး အစိုးရထံတင်ပြခဲ့ခြင်းဖြစ်သည်။

“၆ ရက်နေ့မနက်ပိုင်း လွယ်ကောင်းမောဝ်အခြေစိုက် ပိုက်လိုင်းစီမံကိန်းလုပ်သား ၂ ယောက် နမ့်ခမ်းမြို့ ဟိုပုံကျေးရွာကို လာပြီးလက်မှတ်ရေးထိုးခိုင်းတယ်။ တရုတ်စာတွေ ချည်းရေးထားတာ။ ရွာသားတွေတလုံးမှနားမလည်ဘူး။ ဗမာစာ သျှမ်းစာ နဲ့ရေးထားရင်တမျိုးပေါ့။ တော်သေးတယ် လူငယ်တွေက တောင်ကြီးတက်တဲ့ ကိုယ်စားလှယ်တွေကို စောင့်ဦးမယ်ဆိုပြီး လုံးဝ လက်မှတ်မထိုးပေးဘူး။ သက်ကြီးပိုင်း ၂ ယောက် ၃ ယောက်ဘဲ လက်မှတ်ထိုးပေးလိုက်တယ်” ဟု နမ့်ခမ်းမြို့ခံ စိုင်းအိုက်ခမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

အလားတူ ၇ ရက်နေ့တွင်လည်း မန့်ဟောင်းရွာသို့သွား၍ လက်မှတ်ထိုးခိုင်းပြန်ကြောင်း၊ မန့်ဟောင်းရွာသားများလည်း လက် မှတ်ထိုးပေးခြင်းမရှိကြောင်း မန့်ဟောင်းရွာသား တဦးကလည်းပြောသည်။

“တကယ်လို့သူတို့ဉာဏ်နီ ဉာဏ်နက်မသုံးဘူးဆိုရင် ရွာသားတွေနားလည်တဲ့စာ ရေးခဲ့ပါလား။ အခုက လယ်သမားတွေ စာမတတ်လို့ဆိုပြီးခေါင်းပုံဖြတ် လူလည်ကျချင်နေတာ။ ကျနော်တို့တော့ ရှင်းတယ် ။ နားမလည်ဘဲနဲ့ လက်မှတ်ထိုးမပေး နိုင်ဘူး။ တခြားဒေသတွေဆီမှာကျတော့ အဲလိုမလုပ်ဘဲ ကျနော်တို့နမ့်ခမ်းမှာဘဲလာပြီးလက်မှတ်ထိုးခိုင်းနေတယ်” ဟု ဆိုပါသည်။

အဆိုပါလက်မှတ်ထိုးခိုင်းသည့် စာချုပ်တွင် လယ်သမားများမှ ဂက်စ်ပိုက်လိုင်းနှင့်ပတ်သက်၍ ကျေနပ်မှုရှိခဲ့ကြောင်း နောက်နောင်တွင်လည်း မည်သည့်အခွင့်အရေးမျှတောင်းဆိုမည်မဟုတ်ကြောင်းဝန်ခံကတိပြုပါသည် ဟု အဓိပ္ပါယ်ရကြောင်း တရုတ်စာ ကျွမ်းကျင်သူတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

No comments: