Sunday, April 28, 2013

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ပြည်တွင်းပြည်ပ၌ ကျယ်ပြန့်စွာကျင်းပခဲ့

ဇင်ကီး

ယခုနှစ် ရခိုင်ရိုးရာအတာသင်္ကြန်ပွဲတော်များကို ကမ္ဘာတလွှား၌ ကျယ်ပြန့်စွာကျင်းပခဲ့ကြောင်း ပြည်တွင်းပြည်ပ ရခိုင်သင်္ကြန်ပွဲကျင်းပခဲ့ သူများက ဆိုကြသည်။

ပြည်တွင်း ရခိုင်သင်္ကြန်ပွဲတော်များကို ရန်ကုန်၊ စစ်တွေအပါအ၀င်မြို့နယ် အတော်များများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်တွေ ရခိုင်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရက လွတ်လပ်စွာကျင်းပခွင့်ပြုခဲ့ရာ ယခင်နှစ်များထက် ရေလောင်း မဏ္ဍပ်နည်းသော်လည်း စည်ကားကြောင်း စစ်တွေ မြို့လုံးကျွတ် ရခိုင်ရိုးရာ ဖော်ထုတ်ရေး ကော်မတီ နာယက စာရေးဆရာ ဗဂျီးကျော်က ဆိုသည်။

" ဒီနှစ်သင်္ကြန်မှာ စစ်တွေမြို့ ဦဥတ္တမပန်းခြံရှေ့မှာ ပြည်နယ်အစိုးရရဲ့ မြန်မာရိုးရာဗဟိုမဏ္ဍပ်နဲ့ ကောလိပ်ကျောင်း(ဟောင်း)ရှေ့မှာ တက္ကသိုလ်ပေါင်းစုံ ကျောင်သား/သူများ၏ ရေလောင်း မဏ္ဍပ်တခု၊ မိဇံကမ်းနားလမ်းမှာ ရပ်ကွက်လူထုက ပြုလုပ်ထားတဲ့ " ပန်းမြတ်သဇင် " မဏ္ဍပ်၎ခု စုစုပေါင်း (၆)ခု ပဲရှိတယ်။ ဗဟိုမဏ္ဍပ်မှာတော့ မြန်မာရိုးရာရော ရခိုင်ရိုးရာ မဏ္ဍပ်နှစ်ခုပူးတွဲ လုပ်ထားတယ်။ မဏ္ဍပ်နည်းပေမယ့် ဆင်နွှဲသူများမှုကြောင့် အရင်နှစ်တွေလိုပဲ စည်ကားပါတယ်။ " ဟု ၄င်းက ရှင်းပြသည်။

စစ်တွေတွင် ရပ်ကွက်ပေါင်း ၃၀ ကျော်ရှိရာ ပြည်နယ်အစိုးရက ၃ ရပ်ကွက်တခုကျ မဏ္ဍပ်ထွက်ခိုင်းခဲ့သော်လည်း လက်တွေ့တွင် အခက်အခဲအမျိုးမျိုးကြောင့် မဏ္ဍပ် ၄ ခုသာ ထွက်နိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည် အစိုးရက ဧပြီ ၁၂ နေ့တွင် ဦးဥတ္တမပန်းခြံ၌ နံ့သာသွေးပြီး၊ ဧပြီ ၁၃ ရက်နေ့တွင် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ဘုရားရေသပ္ပာယ်ခဲ့သလို ရပ်ကွက်များနှင့် တက္ကသိုလ်များကလည်း နံ့သာသွေးခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း များကို ၄င်းရက်များအတွင်းက ပြုလုပ်ခဲ့ကြသည်။

ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ၏ ဒုတိယ အကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ဦးဥတ္တမခန်းမတွင် ရပ်ကွက်အသီးအသီးမှ အသက် ၈၀ နှင့်အထက် ၁၀၈ ဦးကို ပူဇော်ကန်တော့ခဲ့ပြီး၊ ညနေ ၆ နာရီတွင် သင်္ကြန်ပိတ်ပွဲကို ဦးဥတ္တမပန်းခြံရှေ့ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီကကြီးမှူး၍ စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ အသက် ၈၀ နှင့်အထက် သက်ကြီးရွယ်အို ၈၄၃ ဦးကို ပူဇော်ခဲ့ကြသည်။

လုံခြုံရေးနှင့် ပတ်သက်၍ ဗဂျီးကျော်က " အရင်က ဆိုရင် စစ်တွေမှာ သင်္ကြန်လည်ရင် မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ မိဇံကမ်းနား ၃ လမ်းလုံး လွတ်လွတ်လပ်လပ်သွားခွင်းရတယ်။ အခုတော့ မင်းဘာကြီးလမ်းမှာ ဘင်္ဂလီတွေရှိနေတာမို့ အဲဒီလမ်းကို လုံခြုံရေးအပြည့်ယူပြီး ပိတ်ထားလိုက်တော့ လမ်းနှစ်လမ်းပဲ သွားခွင့်ရှိခဲ့တယ်" ဟုရှင်းပြသည်။

ရန်ကုန် ရခိုင်သင်္ကြန်မှာ ယခင်နှစ်များထက် ရေလောင်းမဏ္ဍပ်နည်းသော်လည်း စည်ကားမှုရှိကြောင်း ကျင်းပရေး ကော်မတီ နာယက ဒေါ်စောခင်တင့်က ပြောသည်။ သင်္ကြန်ပွဲတော်ကျင်းပခဲ့ပုံကို ၄င်းက " ဧပြီ၁၂ညနေပိုင်း ရခိုင်ဓမ္မာရုံမှာ နံ့သာသွေးတယ်၊ ဧပြီ ၁၃ မနက်ပိုင်း ရခိုင်ဓမ္မာရုံမှာပဲ ဘုရားရေသပ္ပာယ်တယ်။ အဲဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာပဲ မဏ္ဍပ် ၉ ခုနဲ့ သုဝဏ္ဏ ကစားကွင်းမှာ ရခိုင်သင်္ကြန်ကို ကျင်းပခဲ့တယ်။ ဧပြီ ၁၆ ရက်နေ့ ညနေ၅နာရီမှာ ရခိုင်သင်္ကြန်ပွဲပြီးဆုံးခဲ့တယ်။ ဒီနှစ် ရန်ကုန်ရခိုင်သင်္ကြန်ကို လုံခြုံရေးအရ နံ့သာသွေး၊ဘုရားရေသပ္ပါယ်တာတနေရာ၊ ရေလောင်း မဏ္ဍပ် တနေရာ နှစ်နေရာခွဲလုပ်ခဲ့ရတာပါ။ အရင်နှစ်တွေကထက် မဏ္ဍပ်နည်းပေမယ့် စည်ကားပါတယ်။ " ဟုဆိုသည်။

ထို့အတူ ကျောက်ဖြူနှင့် သံတွဲတွင်လည်း ရခိုင်ရိုးရာသင်္ကြန်ပွဲကို ရခိုင်မဏ္ဍပ်တစ်ခုစီဖြင့် ရခိုင်လူငယ်များက လုံခြုံရေးများ တိုးမြှင့်ချထားသည့်ကြားမှ ကျင်းပခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

ကျောက်ဖြူ ရခိုင်သင်္ကြန်ကျင်းပခဲ့ရပုံနှင့် ပတ်သက်၍ ဒေသခံလုပ်ငန်းရှင်တစ်ဦးက " ဒီနှစ်ကျောက်ဖြူရခိုင် မဏ္ဍပ်ကို ရခိုင်လူငယ်တွေက ဦးဆောင်ခဲ့တယ်။ ရခိုင်မဏ္ဍပ်ဆောက်လုပ်တာကို တားမြစ်တာမျိုး မရှိခဲ့ပေမယ့် ရခိုင်မဏ္ဍပ် ၀န်းကျင်မှာ သံဆူးကြိုးတွေနဲ့ ကာရံထားတာမျိုးတွေ ရှိခဲ့တယ်။ လူတွေများလာတဲ့အခါကျတော့ သံဆူးကြိုးတွေကို နောက်ဆုတ်ပေးခဲ့ပါတယ်။ လူတွေစိတ်ထဲမှာတော့ လွတ်လပ်မှု သိပ်မရှိဘူးပေါ့ ။ ဒါပေမယ့် ကျနော်တို့ ရခိုင်သင်္ကြန်မဏ္ဍပ်ဟာ စည်ကားခဲ့ပါတယ်။ " ဟုပြောသည်။

သံတွဲတွင် လုံခြုံရေးချထားသည့် မြို့ပေါ်၌ ရခိုင်မဏ္ဍပ်ဆောက်လုပ်ရန် အခက်အခဲရှိသဖြင့် ငပလီကမ်းခြေသို့ ပြောင်းရွှေ့ဆောက်လုပ်ကျင်းပရာ၊ အတော်အသင့်စည်ကားခဲ့ကြောင်း သံတွဲမှ ကျူရှင်ဆရာတစ်ဦးက ဆိုသည်။

တောင်ကုတ်မြို့တွင်မူ ရခိုင်သင်္ကြန်မဏ္ဍပ်ကို ကြီးကြီးမားမား မလုပ်နိုင်သော်လည်း ရခိုင်ရိုးရာလောင်းလှေဖြင့် ရခိုင်မဏ္ဍပ်ငယ် နှစ်ခုကိုဆောက်လုပ်၍ ရခိုင်သင်္ကြန်ကိုဆင်နွှဲခဲ့ကြောင်း၊ အထူးသဖြင့် ယခုနှစ်သင်္ကြန်တွင် ယခုနှစ်သင်္ကြန်ပွဲတော်တွင် ရခိုင်လူငယ်များမှာ ရေပက်ခံထွက်ခြင်းထက် ဘုန်းကြီး ကျောင်းများ၊ တရားရိပ် သာများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းများပိုမိုပြုလုပ်ခဲ့ကြ သည်ကိုတွေ့ရကြောင်း တောင်ကုတ် ရခိုင်လူမှုကွန်ယက်က ပြောသည်။

မောင်တောသင်္ကြန်မှာမူ နှစ်စဉ်နှစ်တိုင်းလို သင်္ကြန်ရက်အတွင်း ကလေး၊ လူကြီး အားလုံး ဥပုသ် ဆောက်တည် ကြကာနှစ်ဆန်း ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရေလောင်းကြသည်။

" ကျနော်တို့ မောင်တောက ရခိုင်မှာ အထူးခြားဆုံးလို့ဆိုရမယ်။ သင်္ကြန်ရက် တွေမှာဆိုရင် ဥပုသ်စောင့်တယ်။ နှစ်ဆန်း တစ်ရက်နေ့ နေ့ခင်း၁နာရီလောက်မှ ရေလောင်း လေ့ရှိတယ်။ အရင်နှစ်တွေက ဆိုရင် အုပ်ချုပ်ရေး ပိုင်းက မြန်မာရိုင်းရာဗဟိုသင်္ကြန်မဏ္ဍပ်ဆောက်တယ်။ ဒီနှစ် ဘာမှ မလုပ်ကြတော့ဘူး။ အရင်ကဆိုရင် ဘူးသီးတောင်ကလည်းလာတယ်။ ဒီနှစ်မှာ လုံခြုံရေးအရ မလာကြတော့ ခြောက်ကပ် ကပ်ကြီးဖြစ်နေတယ်။ " ဟု ဒေသခံ ကျောင်းဆရာ တစ်ဦးကဆိုသည်။

ကျောက်တော်မြို့တွင်မူ မြန်မာရိုးရာနှင့်ရခိုင်ရိုးရာ မည်သည့်မဏ္ဍပ်မျှ ဆောက်ခွင့်မရှိခဲ့ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

" ဒီမှာက အာဏာပိုင်တွေက သူတို့ကိုယ်တိုင်လည်း မဏ္ဍပ်မလုပ်၊ လုံခြုံရေးအရ ပြည်သူတွေကိုလည်း ဆောက်ခွင့်မပြုဘူး။ စစ်တွေကလွဲရင် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ တခြားမြို့နယ်တွေမှာလည်း ပိတ်ပင်ထားတယ်။ လူတွေ ကလည်း စိုးရိမ်စိတ်တွေ ရှိနေလေတော့ မလုပ်ဖြစ်ကြတော့ဘူး။ ဒါပေမယ့်လမ်းဘေးမှာ အုန်းလက်လေးတွေကာပြီး ကလေးတချို့ ရေလောင်းနေတာတော့တွေ့ရတယ်။ " ဟု ၄င်းကဆိုသည်။

မြောက်ဦးမှာမူ အာဏာပိုင်များ တားမြစ်ထားခြင်းအပြင် ဧပြီ ၁၆ ရက်နေ့ မိုးသီးကျဆင်းမှုကြောင့် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရခဲ့ရကြောင်း
မြောက်ဦးဒေသခံ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

" မြောက်ဦးမှာက ဘက်နှစ်ဘက်ရှိနေတော့ လုံခြုံရေးအရ သင်္ကြန်မဏ္ဍပ်တွေလုပ်ခွင့်ကို အာဏာပိုင်တွေက ကန့်သတ်ထားတယ်။ ဒီကြားထဲမှာ
အရပ်ဘက်က မဏ္ဍပ် ၄ - ၅ ခုလောက် ပေါ်လာသေးတယ်။ ဧပြီ ၁၆ မွန်းလွဲ ၂ နာရီလောက်က နေညနေ ၅ နာရီထိ မြောက်ဦးမှာ လက်သီဆုပ်လောက်ရှိတဲ့ မိုးသီးတွေရွာကျတယ်။ မိုးသက် လေပြင်းတွေ တိုက်တယ်။ ဒီလိုဆိုးရွားတဲ့အခြေအနေမှာ လေးမြို့မြစ်ကို ဖြတ်ကူးနေတဲ့ လှေတစီးရေနစ်ပြီးတော့ လူသုံးယောက်သေသွားတယ်။ ဒါတွေကြောင့်မြောက်ဦး သင်္ကြန်အဆုံးသတ်ခဲ့ရတယ်။ "
ဟု ဆိုသည်။

ရခိုင်သင်္ကြန် ပွဲတော်များကို အဝေးရောက်ရခိုင်များက နိုင်ငံတကာ၌လည်း ရခိုင်ရိုးရာစစ်စစ်ပုံစံဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ရခိုင်သင်္ကြန်ပွဲတော်ကို မဲဆောက်မြို့တွင် ရှိနေသော ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ၊ ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး၊ လူမှုရေး၊ အဖွဲ့အစည်းများက သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ (၇) ကြိမ်မြောက် ရခိုင်ရာရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မဲဆောက်မြို့ ကတ်ပီပန်း ဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

မဲဆောက် ရခိုင်သင်္ကြန်နှင့် ပတ်သက်၍ ကျင်းပရေးကော်မတီဝင် ဒေါ်မြတ်ဆွေဇံက " ကျမတို့ ရခိုင် တိုင်းရင်း သားတွေအပါအ၀င် အခြားသော တိုင်းရင်းသားတွေဟာ ငွေကြေးအခက်အခဲတွေကြောင့် တစ်နှစ်တစ်ခါကျတဲ့ သင်္ကြန်ပွဲကို ဆင်နွဲဖို့ မိမိဒေသကို လူတိုင်းမပြန်နိုင်ကြဘူးလေ၊ အထူးသဖြင့် ကျမတို့ ရခိုင်တွေက ပိုပြီး ဝေးပါတယ်၊ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် သင်္ကြန်မှာ ပျော်ရွင်ရအောင်၊ မဲဆောက်ရောက်နေတဲ့ ရခိုင်သားတွေက ဘယ်နေရာမှာ ဘယ်စက်ရုံမှာ အလုပ်လုပ်နေကြမှန် မသိကြဘူး၊ ဒီတော့ သင်္ကြန်ပွဲမှာ လာဆုံကြပြီး အချင်းချင်းစည်းလုံးမှုရအောင် ရည်ရွယ်ပါတယ်၊ နောက်တစ်ခုက ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ထိန်းသိမ်း၊ ဖော်ထုတ်တဲ့ အနေနှင့် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပတာဖြစ်ပါတယ်။ " ဟု ကျင်းပရသည့် ရည်ရွယ်ချက် ကိုပြောပြသည်။

ထို့နောက် ပွဲတော်ကျင်းပပုံ အကြောင်းကို ၄င်းက " ဧပြီလ ၁၃ ရက်နေ့ညနေတွင် နံ့သာသွေးပွဲတော်ကို ကျင်းပခဲ့တယ်။ ၁၄ ရက်နေ့နံနက်မှာဘုရားရေချိုးပြီး ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့မှာ နံနက် ၉ နာရီကပင် ညနေ ၄ နာရီအထိ နှစ်ရက် ဆက်တိုက် ကျင်းပတယ်။ သင်္ကြန်ပွဲမှာ တော်ဝင်သဇင် ရေလောင်း မဏ္ဍပ် တစ်ခုဖွင့်ထားပါတယ်။ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေ လာရောက်ပြီးရေကစားကြပါတယ်၊ ဖျော်ဖြေရေး အနေနှင့် ရခိုင်ရိုးရာ အက၊ ရခိုင်သံချပ်၊ ရခိုင် အဆိုတော်၊ ၀ါသနာရှင်တွေက တီးဝိုင်းနှင့် သီဆိုကြတယ်။ ရောက်လာတဲ့ ပရိသတ်တွေကလည်း ကာရာအိုကေ သီဆိုကြပါတယ်။ ရခိုင်ရိုးရာ သင်္ကြန်ပွဲကို လာရောက်လိုသူတွေကို ကော်မတီက မဲဆောက်မြို့ကို လှည့်လည်ပြီး အခမဲ့ကားအကြို အပို့ပြုလုပ်ပေးပါတယ်၊ အစားအသောက်တွေနှင့် ဧည့်ခံပါတယ်။ " ဟုရှင်းပြခဲ့သည်။

မဲဆောက်က ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်းတိုင်းရင်းသားများ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မြ၀တီဘက်မှ လာရောက်သူများ အပါအ၀င် စုစုပေါင်း လူ ၁၀၀၀ ကျော်တို့ ဆင်နွှဲခဲ့ကြောင်း သိရသည်။

ထိုင်း ရခိုင်သင်္ကြန်တွင် လုံခြုံရေးစိတ်မချရကြောင်းကို " ပွဲခင်းထဲကို လာဖမ်းတာမျိုးမရှိပေမယ့် သင်္ကြန်ပွဲလာသူတွေ လက်မှတ်မရှိလို့ လမ်းမှာထိုင်းရဲတွေနဲ့တွေ့ရင် ဖမ်းတယ်၊ ဒီလို အဖမ်းအဆီမျိုးကို နှစ်တိုင်းကြုံတွေ့ပါတယ်၊ ဒီနှစ်ပိုဆိုးတယ်။ မဲဆောက်မှာ ရဲတွေကိုလမ်းဆုံ လမ်ခွတိုင်းမှာ
လုံခြုံရေးချထားတယ်၊ သင်္ကြန်ဆိုတော့ လူတွေက ပျော်ရွှင်မှုအနေနဲ့ ဘီယာတွေသောက်လာတော့ ခေါ်စစ်တယ်၊အနံ့ရရင်အချုပ်ခန်းထဲတန်းပို့တယ်၊
ပိုက်ဆံပေးမှ ပြန်လွှတ်တယ်၊ ဒီမှာ သင်္ကြန်ပွဲ ကျင်းပရတာ စိုးရိမ်ကြောက်ရွံ့မှုတွေကြား၊ ကိုယ်ဖြစ်ကိုယ်ခံ အနေအထားမျိုးနှင့် ကျင်းပနေကြရတာပါ။ "
ဟု ဆိုသည်။

အိန္ဒိယနိုင်ငံရောက် ရခိုင်သင်္ကြန်ပွဲတော်အကြောင်းကိုတော့ ဦးဆောင်ကျင်းပခဲ့သည့် ရခိုင်လူမှုအဖွဲ့အစည်း (အိန္ဒိယ)မှ ဒေါ်ပန်းဇာဖြူက " ကျမတို့ သင်္ကြန်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Tamoon nagar မှာရှိတဲ့ တမူးနာဂါ ဗုဒ္ဓ၀ိဟာရကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်က ရခိုင်လူမျိုးတို့ဟာဘယ်နိုင်ငံ ဘယ်ဒေသ ကိုရောက်ရောက် ကိုယ့်ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပါ။ အထူးသဖြင့် နောက် မျိုးဆက်သစ်တွေ ရိုးရာသင်္ကြန်ကို ဆက်ထိန်းထားနိုင်ဖို့ရယ်၊ ရခိုင်သင်္ကြန်ရဲ့ ထူးခြားတဲ့ အနှစ်သာရကို အခြားတိုင်းရင်းသားတွေသိစေချင်လို့ပါပဲ။ ကျင်းပရာမှာတော့ မနက်(၁၀)နာရီမှာ နံ့သာသွေးပွဲစတယ်။ ၁၁ နာရီခွဲမှာ သံဃာ ၈ ပါးကို ဆွမ်းကပ်ပြီးတော့ ငါးပါးသီလခံယူ၊ တရားတော်နာယူပြီး ရေစက်ချအမျှဝေတယ်။ နေ့လည် ၂နာရီလောက်မှာ ဘုရားရေသပ္ပါယ်ပြီးတော့ အချင်းချင်းရေလောင်းကြတယ်။ ညနေ(၃)နာရီလောက်မှာ သင်္ကြန်ပွဲ အခမ်းအနားကို အဆုံးသတ်ခဲ့တယ်။ ကိုယ့်ရခိုင်ပြည်မှာလို မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ရခိုင်သင်္ကြန်ကို မဆင်နွှဲနိုင်ခဲ့တဲ့ နှစ်တွေကြာမြင့်လာလို့ သင်္ကြန်ကာလရောက်လေတိုင်း ကိုယ့်တိုင်းကိုယ့်ပြည်ကို အပြေးပြန်ချင်ချင်စိတ်တွေ ဖြစ်ရတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုး ဓလေ့ထုံးစံနဲ့အညီ သင်္ကြန်ပွဲဆင်နွှဲရလို့ အလွမ်းပြေရသလို၊ ကိုယ့်ရိုးရာယဉ်ကျေးမှုကို တခြားလူမျိုးခြားတွေသိအောင် ဖော်ထုတ်ခွင့်ရလို့ ၀မ်းသာပီတီလည်း ဖြစ်ရပါတယ်။ " ဟု ရှင်းပြသည်။

အိန္ဒိယ ရခိုင်သင်္ကြန်ပွဲတော်ကို ၂၀၁၀ နှင့်၂၀၁၁ မှာ ရခိုင်လူငယ်များ သာရေးနာရေးအသင်း (Youth Welfare Trust (Arakan) ) က
ဦးဆောင်၍ (၂) ကြိမ် ကျင်းပခဲ့ပြီး၊ ယမန်နှစ်မှစ၍ ရခိုင်လူမှုအဖွဲ့အစည်း (အိန္ဒိယ) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယေက်မြို့မှာ ကျင်းပသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ ကျင်းပရေး ကော်မတီမှ ဒေါ်သန္တာစိုးက " ရခိုင်သင်္ကြန်ကို နယူးယော့မြို့ (Buddhist Missionary Society 10324, 34 Ave, Corona New York , NY 11368) မှာ ရောက်နေတဲ့ ရခိုင်မောင်မယ်တွေက ဦးဆောင်ကျင်းပတာဖြစ်တယ်။ အဖ ရခိုင်ပြည် နဲ့ဝေးရာ နိုင်ငံဒေသကို ရောက်ရှိနေကြတဲ့ ရခိုင်သားတို့ စည်းရုံးမှုရှိဖို့၊ ရခိုင်ရိုးရာ ယဉ်ကျေးမှူကို တန်ဖိုးထား ထိန်းသိမ်းကြဖို့နဲ့ အနာဂါတ် ရခိုင်မျိုးဆက်သစ်များ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်လူမျိုးကို တန်ဖိုးထားထိန်းသိမ်းစေဖို့ ဦးတည်ကျင်းပတာ ဖြစ်တယ်။ ဒီမှာက အအေးလွန်ကဲနေလို့ နံ့သာသွေးပွဲနဲ့ ဘုရားရေ သပ္ပါယ်တာပဲ လုပ်နိုင်ခဲ့တယ်။ ရေလောင်းတာကို လာမယ့် ဇူလိုင်ရောက်မှ လုပ်မှာပါ။ အရင်နှစ်တွေက လူတဆယ် ၀န်းကျင်နဲ့ လုပ်ခဲ့ပေမယ့် ဒီနှစ်မှာ၂၀၀ကျော်အထိ ရှိလာခဲ့တယ်။ အခြားတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံခြားသားတွေလည်း လာရောက်ကြတယ်။ အားလုံးရဲ့ စိတ်ထဲမှာ ရခိုင်ပြည်က အငွေ့အသက်တွေနဲ့ အဖရခိုင်ပြည်ကို ပြန်ရောက်နေသလို ခံစားရတယ်လို့ ဆိုကြတယ်။ " ဟု ရှင်းပြသည်။

ထို့အတူ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုးရီးယား၊ ဂျပန် စသည့် နိုင်ငံအများအပြားတွင်လည်း ရခိုင်ရိုးရာ သင်္ကြန်ပွဲများ ကျင်းပဆင်နွှဲခဲ့ကြကြောင်း သိရသည်။

No comments: