Tuesday, April 30, 2013

ကျောက်ဖြူ ပညာရေးကောလိပ်တွင် ရေအခက်အခဲကြုံ

အာရ်ကန်တိုင်းမ်စ်

ရခိုင်ပြည် ကျောက်ဖြူမြို့ ပညာရေးကောလိပ်ကျောင်း စောသန္တာဆောင်အနီးရှိ ရေတွင်း(ကျောက်တွင်း) တွင် ရေခန်းခြောက်လာ နေပြီဖြစ်သည့်အတွက် စောသန္တာဆောင်နေ ကျောင်းသား/သူများ သုံးရေချိုးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ပူပြင်းခြောက်သွေ့သော နွေရာသီ အချိန်ကာလ ဖြစ်သည်ကတကြောင်း ပြန်လည်တူးဖော် ပြုပြင်မွမ်းမံခြင်းမရှိဘဲ ဆယ်စုနှစ်နဲ့ ချီ ကြာမြင့်နေပြီဖြစ်၍လည်း စောသန္တာဆောင်အနီးရှိ ရေတွင်းမှာ ရေထွက်အလွန်နည်းနေသည့်အတွက် ကျောင်းသူများ သုံးရေလိုအပ်ချက် အခက်အခဲကြုံတွေ့ နေရခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ ပညာရေးကောလိပ် စောသန္တာဆောင်နေ ကျောင်းသူများဆီမှ လာသောသတင်းရ သိရသည်။

" ကျမတို့ ပညာရေးကောလိပ် ကျောင်းအဆောင်ကို နှစ်သစ်ကူး သင်္ကြန်ပြီးတာနဲ့ စ၀င်ပါတယ်။ ၀င်ဝင်ချင်း သုံးရေချိုးရေ အခက်အခဲပြသနာနဲ့  စတိုးပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလည်းဖြစ်တော့ ရေတွင်းထွက်ရေ အတော်လေး နည်းလာနေတာကြောင့် သုံးရေ အခက်အခဲကြုံတွေ့ နေရတာပါ။ မိုးခေါင်ရေရှားပါးတဲ့ တောရွာတွေမှာလို ရေအိုးရေဗုံးတွေကို တန်းစီချပြီး စောင့်ယူ ခပ်သုံးနေရတဲ့ အခြေအနေမျိုး ကြုံနေပါတယ်။ ညဖက်ဆိုရင် ၁၁ နာရီထိစောင့်ခတ်ယူရပြီး မိုးလင်းဝါ လေးနာရီထိုးတာနဲ့ တန်းစီစောင့်ယူ ခပ်သုံးရပြန်ပါတယ်။ သောက်ရေကတော့ အပြင်ရေသန့် စက်ရုံကနေ ၀ယ်သောက်ကြတဲ့အတွက် အခက်အခဲတော့ မရှိပါဘူး။ " ဟု ကျောက်ဖြူ ပညာရေးကောလိပ်မှ အမည်မဖော်လိုသည့် ကျောင်းသူတဦးက အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ကျောက်ဖြူ ပညာရေးကောလိပ်ကျောင်းဝင်း အတွင်းတွင် ပိုးဝါ၊ စောမဲကျီ၊ စောသန္တာဟူ၍ အမျိုးသမီးကျောင်းသူဆောင် သုံးဆောင်ရှိရာ ယခု သုံးရေချိုးရေ အခက်အခဲ ပြဿနာမှာ စောသန္တာအဆောင် တဆောင်တည်းတွင်ကြုံတွေ့ နေရခြင်းဖြစ်ပြီး ကျန်အမျိုးသမီး ကျောင်းသူဆောင် နှစ်ဆောင်ဖြစ်သည့် ပိုးဝါနှင့် စောမဲကျီ အဆောင်တို့ မှာ သုံးရေချိုးရေ အခက်အခဲ မရှိကြောင်း သိရသည်။

ယခုလို ရေအခက်အခဲကြုံတွေ့နေရခြင်း ပြဿနာကို ကျောက်ဖြူပညာရေးကောလိပ်၏ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါက်တာ ဒေါ်ဝေေ၀ဦးထံသို့ တင်ပြတောင်းဆိုပေးရန် စောသန္တာအဆောင်မှူး ဒေါ်အေးဝင်းကြည်ကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် ဒေါက်တာ ဒေါ်ဝေေ၀ဦးသည် ပညာရေးကိစ္စ နေပြည်တော် အစည်းအဝေးခရီးစဉ်မှ ယမန်နေ့ ကမှ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသည့် ကျောင်းသူက ဆက်လက်ပြောကြားသည်။

ကျောက်ဖြူမြို့ ပညာရေးကောလိပ်တွင် ယခုနှစ် ဇန်န၀ါရီလကလည်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ဝေေ၀ဦးမှ ဆန်လုံလောက်စွာ ထုတ်မပေး၍ ကျောင်းသူ/ကျောင်းသားများ ထမင်းလောက်ငှစွာမစားရသဖြင့် ဆန္ဒဖော်ထုတ် ဖြစ်ခဲ့ဖူးသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ဝေေ၀ဦးမှာ ပြည်မြို့ဇာတိဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်ခန့် က ကျောက်ဖြူသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ လူမျိုးရေးခွဲခြားသောအကျင့်ရှိကာ မကြာခဏဆိုသလို " နင်တို့ ရခိုင်တွေ၊ နင်တို့ ရခိုင်တွေ။ " ဟု ပြောဆို အော်ငေါက်လေ့ရှိသည့်အတွက် ကျောက်ဖြူ ဒေသခံများနှင့် သတင်းမီဒီယာများတွင် နာမည်ကြီးကြောင်း ကောလိပ်ကျောင်းသူများ အဆိုအရ သိရသည်။

အဆိုပါ ရေအခက်အခဲ ပြဿနာကြောင့် ကျောင်းသူများ ဆန္ဒထုတ်ဖော် အုတ်အော်သောင်းနင်း ဖြစ်လာကြမည်ကို မလိုလား၍ ကောလိပ်ကျောင်း ဆရာ/ဆရာမများ မကြာမီ အစည်းအဝေး ပြုလုပ်လာနိုင်ပြီး မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ကို ဆွေးနွေးသွားကြမည့် အရိပ်လက္ခဏာတွေ့ရကြောင်း အဆိုပါ အမည်မဖော်လိုသည့် ကျောင်းသူက ဆက်လက်ပြောကြား သွားခဲ့သည်။

No comments: