ABC
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီထွန်းကားဖို့အတွက် ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ဖို့ မွန်ဂိုးလီးယားနိုင်ငံကို ရောက်ရှိနေပါတယ်။
တနင်္ဂနွေနေ့မှာပဲ မွန် ဂိုး လီး ယား နိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီ အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ Catherine Ashton၊ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး William Burns နဲ့ ဂျပန်နိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Shunichi Suzuki တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
Ulan Bator မြို့မှာ ကျင်းပတဲ့ ဒီမိုကရေစီအစည်းအဝေးအတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင်လုပ်ဆောင်တဲ့အကြောင်းတွေကို ပြောကြားမယ်လို့ မျော်လင့်နေကြပါတယ်။
၃ ရက်ကြာမယ့် အစည်းအဝေးအတွင်း နိုင်ငံပေါင်း ၁၀၀ က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ရှိတယ်လို့ မွန်ဂိုးလီးယား အစိုးရက ပြောပါတယ်။
မွန်ဂိုးလီးယားနိုင်ငံကို ပထမဦးဆုံးအကြိမ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုးလီးယားနိုင်ငံမှာ ၆ ရက်ကြာ လည်ပတ်မှာဖြစ်ပြီး ခရီးစဉ်အတွင်း မွန်ဂိုးလီးယားနိုင်ငံ သမ္မတ Tsakhia Elbegdori နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်မယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment