မင်းချမ်းထိုက်
ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မွန်ပြည်နယ်ကိုလာရောက်လေ့လာတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသ ခံစီးပွားရေးသမား၊ သတင်းသမားတွေ မော်လမြိုင်ဆောင်းနေ့မှာ တော်တော်လေး အလုပ်ရှုပ်သွားကြတယ်။ တစ်ပါတ် တစ်ခေါက်သာ ကော့သောင်းကိုပျံသန်းတဲ့ ပြည်တွင်းခရီးစဉ်သာရှိပြီး အိပ်မောကျနေတဲ့ တောင်ဝိုင်းလေဆိပ်ကလဲ ဒီမနက် ခင်းမှာ မွန်ဝတ်စုံအနီရောင်ထမီနဲ့ လှပသစ်လွင်နေတဲ့ သမီးပျိုတွေ၊ ကြိုဆိုရေးအတွက် စီစဉ်သူတွေနဲ့ စောစောနိုးထနေ တယ်။
မနက် ၇.၁၅ နာရီ မှာရောက်မဲ့ Solar Air လေယာဉ်ဟာ ဘန်ကောက်လေဆိပ်မှာ မြူဆိုင်းခဲ့တာကြောင့် အထွက်နောက် ကျပြီး တောင်ဝိုင်းလေဆိပ်ကို ၉ နာရီဆိုက်တယ်။ စင်းလုံးငှားလေယာဉ်ပေါ်ကနေ ပထမဆုံးဆင်းသက်လာသူက ထိုင်း ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချိုင်ယုဒ် (Chavalit Yougchaiyudh) ။
ရောက်ရောက်ချင်းမနက်မှာ သူဦးဆောင်တဲ့ထိုင်းအဖွဲ့ဟာ မွန်ပြည်နယ်ရုံး အောင်ဆန်းခမ်းမမှာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အပြန်အလှန်မိတ်ဆက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။
ပြည်နယ်ဝန်ကြီးချုပ်ဦးအုံးမြင့်ကိုယ်တိုင် မွန်ဒေသတခွင်လုံးမှာ ဘာရင်းနှီးနိုင်မလဲဆိုတာကို အကျယ်တဝင့်ရှင်းပြပြီး ဝမ်း သာအားရကြိုဆို နှုတ်ခွန်းဆက်ခဲ့တာကို ဗိုလ်ချုပ်ကြီး ချာဗလစ်က လေးလေးစားစားမေးမြန်း၊ လက်ဆောင် အပြန်အလှန် ပေးခဲ့ကြတယ်။
တရက်တာခရီးစဉ်လေးမှာ သတင်းသမားတွေအတွက် နေ့လည်စာအပြီး ၅ မိနစ်ဘဲ အချိန်ပေးနိုင်မယ်လို့ သူ့ရုံးအဖွဲ့က ပြောတော့ သံလွင်တိုင်းမ်ဂျာနယ်က ၅ မိနစ်စာ အင်တာဗျူးဘို့ ခွင့်တောင်းတာကို သူက ခပ်ပြုံးပြုံး “၆ မိနစ်” လို့ နွေးထွေး ရင်းနှီးစွာ စိမ်ခေါ်လိုက်တယ်။ သူနဲ့ မီဒီယာကြားမှာ စည်းမခြားတော့ဘူးပေါ့။
တကယ်တော့ ထိုင်းဗိုလ်ချုပ်ကြီးဟာ မီဒီယာသမားတွေနဲ့ မစိမ်းတဲ့ အပြင် ၁၉၉၀ နှစ်တွေမှာ သူဦးစီးတဲ့စစ်တပ်က ရေဒီယို ဌာန (၁၂၆) နဲ့ ထိုင်းရုပ်မြင်သံကြားလိုင်း (၅) ခုအနက် (၂) ခုကို ထိမ်းချုပ်ခဲ့ဘူးတဲ့ တပ်မတော် ခေါင်းဆောင်ပါဘဲ။ အဲဒီတုံး က စစ်တပ်ရေဒီယိုတွေဟာ ကျမ်းမာရေးပညာပေးအစီအစဉ် အထူးသဖြင့် ကိုယ်ခံအားခုခံကျဆင်းမှုရောဂါ (AIDS) မပြန့် ပွားရေးနဲ့ လူထုတွေကို အများကြီး ပညာပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးကို အခုမှ ကိုယ်တိုင်တွေ့ဖူးပေမဲ့ သူ့အကြောင်းနဲ့ပုံရိပ်တွေက ကျနော့ခေါင်းထဲမှာ အကျွမ်းဝင်ပြီးသား။ လက်ရုံး ရည်ရော၊ နှလုံးရည်ပါပြည့်စုံတဲ့ သူ့ဘဝကလဲ အောင်မြင်မှုကျဆုံးမှု၊ အတက်အကျတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်း လှတယ်။ ထက်မြက်ထူးချွန်တဲ့ ချာဗလစ်ကို ဘန်ကောက်အနီး နွန်ဗူရီမှာ ထိုင်းတရုပ်နဲ့ လာအိုမျိုးရိုး မိဘကနေ ၁၉၃၂ ခု နှစ်မှာ မွေးဖွားခဲ့တယ်။ ၁၉၈၆ မှ ၁၉၉၀ ထိ ထိုင်းနိုင်ငံရဲ့ စစ်ဦးစီးချုပ်ရာထူးကိုကာလရှည်ကြာစွာ ထမ်းဆောင်ခဲ့ပြီး လက်နက်ကိုင်ထိုင်းကွန်မျူနစ်တွေကို လွတ်ငြိမ်းသာခွင့်ပေးပြီး စည်းရုံးနိုင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင် အဖြစ်ကျော်ကြား ပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ တိုက်ပွဲဗျူဟာ၊ စည်းရုံးရေးစွမ်းရည်ကြောင့် ထိုင်းကွန်မျူနစ်ရဲ့ လက်နက်ကိုင်တော်လှန်ရေး အဆုံးသတ်သွားတယ်။ ဒါကိုလက်မခံချင်တဲ့ လက်ဝဲသမားမိတ်ဆွေ တယောက်က ထိုင်း ကွန်မျူနစ်ရဲ့တိုက်ပွဲပုံစံပြောင်းသွားတာလို့ ဖြေရှင်းချက်ပေးတယ်။ ကွန်မျူနစ်တွေရဲ့ရည်မှန်းချက်ကလဲ အခြေခံလူတန်းစား တွေ (အလုပ်သမား၊ လယ်သမား) ချောင်လည်ရေးဘဲ မဟုတ်လား။
သူ့ရဲ့ လက်ထက်မှာ ထိုင်းစစ်တပ်ဟာ ဆင်းရဲတောခေါင်တဲ့ အိစန် ခေါ် ထိုင်းအရှေ့မြောက်ဒေသ (လာအိုနယ်စပ်) နဲ့ မူစ လင်ဘာသာရေးပဋိပက္ခဖြစ်နေတဲ့ တောင်ပိုင်းဒေသ (မလေးရှားနယ်စပ်) တွေမှာ ကျေးလက်ရွာသား လူနေမှုဘဝ မြင့်မား အောင် လမ်းတံတားဖေါက်၊ ဆေးရုံ၊ စာသင်ကျောင်းတွေဆောက်ပြီး စီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့တဲ့ အ တွက် စစ်မြေပြင်ကို ဈေးခင်းဖြစ်အောင်ဖန်တီးနိုင်တဲ့ ခေါင်းဆောင်အဖြစ် သူဟာ အရှိန်အဝါကြီး ထင်ရှားအောင်မြင် ခဲ့ပါတယ်။ တခြားတဖက်ကကြည့်ရင် မြန်မာ့ဒီမိုကရေစီအင်အားစုအတွက် အမဲကွက်တင်စရာက သူကာကွယ်ရေးဝန်ကြီး ဖြစ်စဉ် ၁၉၈၈ မှာ အာဏာရလာတဲ့ အစိုးရကို နိုင်ငံတကာက အကဲခတ်နေဆဲမှာ ထိုင်းအစိုးရက ဦးဦးဖျားဖျား အသိ အမှတ်ပြုပြီး မြန်မာပြည်က သယံဇာတ သစ်၊ ငါးတွေ ဝယ်ယူစာချုပ်ကာ စီးပွားရေးအကျိုး အမြတ်ထုတ်သွားခဲ့ တာပါဘဲ။
သူဟာ ထိုင်းအစိုးရအဆက်ဆက်မှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ဒု-ဝန်ကြီးချုပ်ရာထူးအထိ ဆက်ခံနိုင်တဲ့ အရည်အချင်းရှိပြီး နိုင်ငံရေးဇာတာ ရှည်ခဲ့တယ်။ ဥပဒေဘောင်ထဲ ရောက်လာတဲ့ ထိုင်းကွန်မျူနစ်တွေရဲ့ ပူးပေါင်း ထောက် ခံမှုနဲ့ မျှော်လင့်ချက်သစ်ပါတီ (New Aspiration Party) လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို ဦးဆောင်ထူထောင်ပြီး ရွေးကောက်ပွဲ အနိုင်ရကာ သူဟာ (၂၂) ယောက်မြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ၁၉၉၆ နိုဝင်ဘာလမှာ ကျမ်းကျိန်တက်လာနိုင်ခဲ့တယ်။
ကံဆိုးမိုးမှောင်ကျချင်တော့ သူအာဏာရပြီး တနှစ်မပြည့်ခင်မှာ ထိုင်းနိုင်ငံဟာ အာရှဘဏ္ဍာရေးအကျပ်အတည်း (Asian financial crisis) နဲ့ ကြုံကြိုက်၊ အကျပ်ဆိုက်ခဲ့ရတယ်။ ဖွံ့ဖြိုံးတိုးတက်နေတဲ့ ထိုင်းနိုင်ငံဟာ ချက်ချင်းဘဲ စီးပွားရေး လည် ပတ်မှုရပ်ဆိုင်းပြီး ဘတ်ငွေတွေ တရှိန်ထိုးကျဆင်းသွားတယ်။ ၁၉၉၇ မှာ ထိုင်းဘတ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုံး ဟာ ထက်ဝက်ကျော်တန်ဘိုးကျပြီး။ စက်ရုံ၊ အလုပ်ရုံပိတ်၊ ဆောက်လုပ်ဆဲ အဆောက်အဦးတွေလဲ ရပ်ဆိုင်းခဲ့ရတယ်။ အိမ် နီးချင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းခန့်ကို အိမ်ပြန်ပို့၊ ထိုင်းအလုပ်သမားတွေလဲ ကိုယ့်ရပ်ရွာ ပြန်ရတော့ အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးကပ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ထိုင်းစတော့ ရှယ်ယာ (Stock) ဈေးကွက်လဲ ၇၅ % အထိ ဒလဟော ထိုးဆင်းလာတော့ လူထုတွေ ဆန္ဒပြအုံကြွပြီး ဒေါသဖြစ်နေတဲ့ ပြည်သူတွေ၊ ဖိအားပေးတဲ့ စီးပွားရေးသမား၊ နိုင်ငံရေးသမားတွေရဲ့ ဒဏ်ကိုမခံနိုင်တဲ့အဆုံး ရာထူးကနေ ၁၉၉၇ နိုဝင်ဘာလမှာ နှုတ်ထွက် စွန့်ခွာခဲ့ရပါတယ်။
အခုအချိန်မှာ သူက အစိုးရနဲ့ မပါတ်သက်၊ ကိုယ်စားမပြုတဲ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း (Peace & Development Foundation) မှာ တက်တက်ကြွကြွ ဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးစားပေးလုပ်ဆောင်နေပါတယ်။ “AEC (အာဆီ ယံ စီးပွားရေး အသိုင်းအဝိုင်း) အတွက် ကျနော်တို့ ၂ နှစ် ပြင်ဆင်ထားတယ်။ မွန်ပြည်နယ်မှာ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရင်းနှီးမြှပ်နှံသူတွေကို ခေါ်လာပြီ။ ဒီ ၅ နှစ်အတွင်းမှာ သူတို့ (မွန်ပြည်နယ်အစိုးရ) ဘာစီမံကိန်းတွေရှိတယ်၊ ကျနော်တို့ဘက်က ဘာရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုတာကို လာလေ့လာတာ” လို့ အောင်ဆန်းခမ်းမမှာ ပြောပါတယ်။ ထိုင်းဗိုလ် ချုပ်ကြီးရဲ့ စီးပွားရေးလုပ်ငန်းရှင်အုပ်စုက ငွေရင်းအင်အား သန်းဒေါ်လာ (၂၀၀၀) ခန့်ကို မွန်ပြည်နယ်မှာ ဦးစားပေးမြှုပ်နှံချင် ပေမဲ့ မြန်မာပြည်ရဲ့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဥပဒေ၊ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့လဲ ညှိနှိုင်း၊ အတည်ပြုရ ပါအုံးမယ်။
သူဦးစီးတဲ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းက ဟိုတယ်နှင့်ခရီးသွားလာရေး၊ ကုလားဂုတ် ရေနက်ဆိပ်ကမ်းဆောက် လုပ်ရေး၊ သံဖြုဇရပ်-ရေး မော်တော်ကားလမ်းဖောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ဘန်ကောက်-မော်လမြိုင်လေကြောင်းပြေးဆွဲရေးနှင့် မော်လမြိုင်လေဆိပ်ပြန်လည်ပြုပြင်မွမ်းမံရေးတွေကို ငွေမိုးဟိုတယ်မှာ အဖွဲ့ငယ်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်။ မကြာမီမှာ နိုင်ငံတော် အစိုးရနှင့် ဆက်လက်တွေ့ဆုံပြီး ဒီနှစ်အတွင်း နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်လိမ့်မယ်လို့လဲ သိရတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ သူ့အတွက် ဒီတရက်တာခရီးစဉ်မှာ ကျိုက်သန်လံတောင်ပေါ်ဘုရားဖူး၊ သံလွင်တံတားကိုလဲ ကူး ပြီး အမှောင်မလာခင်ထွက်ခွာရမှာမို့ သီးခြားစကားပြောဘို့ မျှော်လင့်မထားပေမဲ့ လေဆိပ်ကိုမထွက်ခင် ကမ်းနားလမ်း ဟိုတယ်မှာ ခဏရင်းနှီးခွင့်ရခဲ့တယ်။ သူ့စားပွဲဝိုင်းထဲကို မွန်နှင့် ထနာခွန်ကုမ္ပဏီ (Mon & Thanakorn Group) မှ နိုင် ကောင်းစိန်၊ နိုင်လယီရော့ဒ်၊ သံလွင်တိုင်းအယ်ဒီတာချုပ် နိုင်ချမ်းတွဲ့ တို့နဲ့ အတူထိုင် ဖြစ်တော့မှ ပွင့်လင်းနီးကပ်စွာ စကား ပြောခွင့်ရခဲ့တယ်။
ဗိုလ်ချုပ်ကြီးကို သူ့ဇနီးက အိမ်မှာဘဲ အေးအေးဆေးဆေးနားနေဘို့ နှစ်သိမ့်တာကို သူက ဆင်းရဲတွင်းနက်နေတဲ့ သာမန် ပြည်သူတွေကို တွေးမြင်ပြီး မနေသာနိုင်တဲ့အကြောင်း၊ ဘာဖြစ်လို့ မွန်ပြည်နယ်မှာ တကူးတက လာရင်းနှီးချင်ရတာလဲလို့ နိုင်ချမ်းတွဲ့က ထပ်ခါမေးတော့ ကျေးလက်ဒေသက လူထုနဲ့ ခလေးတွေကို မမြင်ရက်တော့ ဒီဒေသမှာလဲ ငြိမ်းချမ်းရေး နဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖေါ်ချင်တယ်လို့ ခံစားချက်ပါစွာ အားပါးတရ ရှင်းပြတယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရကို အဓိပါယ်ဖွင့်တော့ ပြည်သူ့ အချုပ်အခြာအာဏာ၊ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရ၊ တန်းတူရေး၊ လူမှုဘဝဖူလုံရေးအပြင် တရားဥပဒေစိုးမိုးရေးလဲပါတယ်လို့ သူဆိုတယ်။ စစ်တပ်ကို နှစ်ရှည်စွာ အုပ်ချုပ် လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးက အခုလို ရှုမြင်တာလဲဖြစ်နိုင်ပါတယ်။ နောက်ဆုံးပိတ် ဘာထပ်ဖြည့်ချင်သလဲလို့ မေးတော့ သူက တိုင်းပြည်အတွက် အလုပ်လုပ်အကျိုးပြုတဲ့နေရာမှာ ဘယ်လိုပုံစံမျိုး၊ စနစ်မျိုးနဲ့ သွားမှာထက် “လူထုအတွက်” (For the people) သာ အရေးကြီးဆုံးပါတဲ့။ အနောက်နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းနဲ့ အာရှချင်းကပ်ပုံ ကွာဟတာ သတိပြုမိတယ်။ အာရှတန်ဘိုး (Asian Value) ဟာ အရှေ့နိုင်ငံ ခေါင်းဆောင်များ တွေးထင်သလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံ ပုံစံမျိုး အဖြစ် စီးပွားရေးစောင်းပေးကာ (တရုတ်၊ ဗီယက်နမ်နိုင်ငံလို) အုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးထက် ဖွံ့ဖြိုးရေးကို အလေး ပေး ချင်ပုံရပါတယ်။ လူထုချောင်လည်ရင် မလိမ်လည်၊ ဒမြမတိုက်၊ မခိုးတော့တဲ့ “အူမတောင့်မှ သီလစောင့်”တဲ့ မူကို လိုလားပုံရပါတယ်။
ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်တဲ့ ဗိုလ်ချုပ်ကြီးတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ကျနော်တို့နိုင်ငံနဲ့ မွန်ပြည်နယ် အ တွက် တကယ် လူမှုဘဝ မြင့်တက်ပြီး တိုင်းရင်းသားဓလေ့ရိုးရာ၊ စာပေ၊ ယဉ်ကျေးမှု၊ သဘာဝဝန်းကျင် ဂေဟစနစ်ကို ထိ ခိုက်မှုရှိ၊ မရှိ၊ ပြည်သူအတွက် တကယ် အကျိုးဖြစ်ထွန်းနိုင်မလားဆိုတာတော့ အနာဂတ်မှာ စောင့်ကြည်ရအုံးမယ်ဖြစ်ပါ တယ်
No comments:
Post a Comment