Friday, April 26, 2013

သိန္နီမြို့နယ် လွယ်ဟိုယေး ဒေသခံ နှစ်ရာနီးပါး နားတီးသို့ စစ်ဘေးရှောင်

Kawli

သိန္နီမြို့နယ် အတွင်း အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကြီးများနဲ့ အပြန်အလှန် ခြိမ်းခြောက်ပစ်ခတ်မှုများကြောင့် ကျေးရွာ ၄ ရွာမှ လူထုနှစ်ရာနီးပါး နေရပ်ကို စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်နေတယ်လို့ သတင်းရရှိပါတယ်။

ဧပြီလ ၂၀ ရက်နေ့တုန်းက လွယ်ဟိုယေး-နမ့်ယေး ခွင်ထဲမှာ အခုလို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်လို့ နောင်ချို၊ နမ့်တောင်၊ ကောင်းချို၊ မူနောက် ကျေးရွာများက ဒေသခံများက သိန္နီ-ကွမ်းလုံ လမ်းမကြီးပေါ်က နားတီးရွာသို့ တိမ်းရှောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

အားလုံးပေါင်း ၁၇၀ လောက်ရှိတယ်။ တရုတ်က အများစုပဲ။ ရှမ်းတွေလည်းပါတယ်။ အများအားဖြင့်တော့ နားတီးက တရုတ်စာသင်ကျောင်းမှာ နေကြတယ်။ တချို့ကလည်း အသိအိမ်တွေမှာ နေကြတယ် – လို့ သိန္နိမြို့ခံ တစ်ဦးက ကော့လီကို ပြောပါတယ်။

အစိုးရတပ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ အဖွဲ့ကို အတိအကျ အတည်မပြုနိုင်သေးပေမယ့် အဆိုပါ နားတီး ဒေသမှာ ကေအိုင်အေ တပ်များလည်း ရှိသလို အက်စ်အက်စ်အေ တပ်များလည်း ရှိတယ်လို့ သိရပါတယ်။

No comments: