Friday, April 26, 2013

ယိုယွင်းပျက်စီးနေသော ရခိုင် ပုဇွန်မွေးမြူရေး လုပ်ငန်းကို ငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးမည်

နိရဉ္စရာ

တချိန်က နိုင်ငံတော် ၀င်ငွေကိုသာမက ဒေသ ဖွံ့ဖြိုးရေးကိုပါ အထိုက်အလျှောက် ဆောင်ကြဉ်း ပေးခဲ့သော ရခိုင်မှ ပုဇွန်မွေးမြုရေးလုပ်ငန်း ထိခိုက်ပျက်စီးနေခြင်းနှင့် ပတ်သက်ပြီး နောက်လာမည့် မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးတွင် ရခိုင်ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးသွားမည်ဟု သိရသည်။

မေလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အစည်းအဝေးတွင် ထိုသို့ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင်ကိုယ်စားလှယ် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ဦးစံကျော်လှက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ တင်ပြစရာတွေက အများကြီးပါ။ ဒီအထဲမှာ ရခိုင်ပြည်နယ် ပုဇွန် လုပ်ငန်း ထိခိုက်ပျက်စီးနေတာနဲ့ ပတ်သက်ပြီး တင်ပြသွားပါမယ်။ ဒီလုပ်ငန်း ပြန်လည် ဦးမော့လာအောင် ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲဆိုတာကို တင်ပြဆွေးနွေးသွားပါမယ်။ အဖွဲ့ချုပ်ကရော၊ နိုင်ငံတော် အပိုင်းကပါ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို တင်ပြ တောင်းခံသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မေလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အစည်းအဝေးတွင် ထိုသို့ တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင်ကိုယ်စားလှယ် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ဦးစံကျော်လှက နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် ပုဇွန် လုပ်ငန်းမှာ တချိန်က အထူးအောင်မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မူများကြောင်း ပျက်စီးသွားခဲ့ရသည်။

အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မူကြောင့် ရခိုင် ပုဇွန် နိုင်ငံခြား ဈေးကွက်များ ပျောက်သွားခြင်း၊ နိုင်ငံခြား ၀င်တွေ မရတော့၍ အရင်းအနှီး မရှိခြင်း၊ ပြုပြင် ထိန်းသိမ်းရေး ပိုင်းတွင်လည်း အားနည်းသွားခြင်း၊ ခေတ်မမှီတော့ခြင်းတို့ကြောင်း နောက်ပိုင်းတွင် ပုဇွန်မွေးမြူရေး လုပ်ငန်း ထိခိုက် ပျက်စီးသွားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ကို ရခိုင်မှ ပုဇွန်များကို နောက်ပိုင်းတွင် တင်ပို့ခဲ့သော်လည်း တွက်ခြေမကိုက်ခဲ့ဟု သိရသည်။

ယခုအခါ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မူများကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သဖြင့် ရခိုင် ပုဇွန်မွေးမြူရေး လုပ်ငန်းများကို ပြန်လည် တိုးတက်အောင် လုပ်ကိုင်ရန် ရခိုင် ပုဇွန် လုပ်ငန်းရှင်က လိုလားနေကြသည်ဟု သိရသည်။

“ ရခိုင်ပြည်နယ်က ပုဇွန် မွေးမြူရေး လုပ်ငန်း အားပေးဖို့ လိုပါတယ်။ ဒီလုပ်ငန်း တိုးတက်လာရင်လည်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော် အတွက်လည်း ၀င်ငွေ ရရှိမှာ ဖြစ်ပါတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ် သုံးဦးတက်ရောက်မည် ဖြစ်ပြီး ထိုအထဲတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်နိုင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ရွှေနှင့် ဦးစံကျော်လှတို့ ပါဝင်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ကို မြန်မာ နိုင်ငံ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ နှစ်စဉ် ရေထွက် ပစ္စည်း တင်ပို့ခဲ့သော ပမာဏမှာ အောက်ပါအတိုင်း ဖြစ်သည်ဟု သိရသည်။

၂၀၀၄ မှ ၂၀၀၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၃၄၆.၉၂၁) သန်း၊ ၂၀၀၅ မှ ၂၀၀၆ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ(၃၅၉.၁၉၅) သန်း၊ ၂၀၀၆ မှ ၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ( ၄၆၆.၁၅၉) သန်း၊ ၂၀၀၇ မှ ၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ( ၅၆၁.၀၂၃) သန်း၊ ၂၀၀၈ မှ ၂၀၀၉ ဘဏ္ဍာရေးနှစ် အမေရိကန်ဒေါ်လာ (၄၈၈.၂၃) သန်း ၂၀၀၉ မှ ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၄၉၆.၅၉) သန်းနှင့် ၂၀၁၀ မှ ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ( ၅၅၅.၅၁၅) သန်းဖိုး တင်ပို့ခဲ့သည်။

No comments: