Monday, April 29, 2013

တာမိုးညဲပြည်သူ့စစ်ပိုင် လောင်းကစားရုံဝင်ဖမ်းသည့် ရဲများ စစ်ဆေးခံနေရ

သျှမ်းသံတော်ဆင့်

လွန်ခဲ့သည့်နှစ်အတွင်းက သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ တာမိုးညဲပြည်သူ့စစ်ပိုင် လောင်းကစားရုံအား ရဲများဝင် ရောက် ဖမ်းဆီးသည့်ကိစ္စအပေါ် ၄င်းပြည်သူ့စစ်အဖွဲ့က ပြန်လည်တိုင်ကြားသဖြင့် ယခုအခါ မူစယ်ဒေသခံရဲများ စစ်ဆေးခံ နေရကြောင်း မူစယ် ရဲသတင်းရပ်ကွက် အဆိုအရ သိရသည် ။

ယခုလ ၂၇ ရက်နေ့က ကျောက်မဲခရိုင် ရဲမှူးကြီး မူစယ်သို့ ရောက်ရှိကာ မြို့နယ်ရဲမှူးနှင့် အောက်ခြေရဲဝန်ထမ်းများအား ယနေ့အထိ စစ်ဆေးနေကြောင်း မူစယ်ဒေသခံရဲဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

အဆိုပါ လောင်းကစားရုံ ဖမ်းဆီးစဉ်က တရုတ်လူမျိုး ၉ ဦးနှင့် မြန်မာ ရ ဦး ဖမ်းဆီးခံခဲ့ပြီး ၄င်းတို့အား ၆ လကျော် ကြာ ထိန်းသိမ်းထားရာမှ မတ်လ ၂၉ ရက်နေ့က တရားရုံးလွှတ်မိန့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာ ရဲ ပြန်အပ်ငွေများ ကွာဟမှုရှိသည်ဟု စွပ်စွဲကာ ပြည်သူ့စစ်က တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည် ။

“လောင်းကစားရုံမှာ မန်နေဂျာလုပ်တဲ့ အရင်တပ်မတော်က ဗိုလ်မှူးဟောင်း ကျော်ဇေယျက ဖမ်းတုန်းက သိမ်းထားတဲ့ ငွေတွေ ရဲက ပြန်လွှဲပြောင်းတော့ ကွာဟမှုရှိနေတယ်ဆိုပြီးတိုင်တာ။ လာစစ်တာက ခရိုင်ရဲမှူးကြီးဆိုတော့ မူစယ်က မြို့နယ်မှူး ၊ စခန်းမှူး ၊ နယ်ထိန်းကအစ အောက်ခြေရဲတွေ အစစ်ခံနေရတာပေါ့ ” ဟု ဆိုသည် ။

အဆိုပါ လောင်းကစားဝိုင်းဖမ်းစဉ်က မူစယ်ခရိုင်ရဲမှူးကြီးကိုယ်တိုင် အသိသက်သေများဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သော် လည်း ယခုအခါ ပြည်သူ့စစ်အဖွဲ့က ၄င်းနေရာမှာ လောင်းကစားရုံမဟုတ်ပဲ အလုပ်ရုံဖြစ်ကြောင်း ပြောဆိုနေသဖြင့် နောင်အခါ ရဲများအတွက် လောင်းကစားဝိုင်း ဖမ်းဆီးရာတွင် အခက်အခဲရှိကြောင်း၊ မဖမ်းလျှင်လည်း ပြည်သူများက ရဲများငွေယူ၍ လွှတ်ထားသည်ဟု ဝေဖန်တိုင်ကြားကြမည်ဖြစ်သဖြင့် ရဲဝန်ထမ်းများမှာ ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း ၄င်းက ဆက်ပြောသည် ။

No comments: