Friday, April 26, 2013

မြန်မာပြည်အနှံ့အပြား သောက်သုံးရေ ပြတ်လပ်မှု ပိုမိုကြုံတွေ့နေ

နန်းဆိုင်နွမ်


မိုးရွာသွန်းမှုနည်းလာပြီး အပူချိန် တနှစ်ထက် တနှစ် မြင့်တက်လာမှုကြောင့် မြန်မာပြည်အနှံ့ သောက်သုံးရေ ပြတ်လပ်မှုများ ယခုနှစ်တွင် ပိုမို ကြုံတွေ့နေရသည်ဟု ကြားသိရသည်။

ဆည်များကို အားထားနေရသော မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့် ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်း လာသည့်အတွက် မိုးရေ သိုလှောင် မထားနိုင်တော့သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရန် ရေအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကန်စွန်းမာ ကျေးရွာတွင် နေထိုင်သည့် မမိုးမိုးက ဧရာဝတီသို့ ပြောသည်။

“သောက်သုံးရေ ရဖို့အတွက် ၃ မိုင်လောက်ရှိတဲ့ ရွာမှာ သွားသယ်ရတယ်။ တိုက်နယ် ဆေးရုံမှာဆိုရင် ရေမရှိလို့ အခက်ကြုံနေရတယ်။ အရင်ကဆိုရင် မိုးရေကို လှောင်ပြီး သုံးရတယ်။ မိုးမရွာတော့ သောက်ရေ တစက်မှ မရှိတော့ဘူး” ဟု မမိုးမိုးက ဆိုသည်။

သောက်သုံးရေ ရှားပါးပြတ်လပ်မှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာရာ ယခုနှစ်တွင် အဆိုးဆုံး ကြုံတွေ့နေရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

“အရင်နှစ်က ဒီလောက်မဆိုးဘူး။ ဒီနှစ်က ကန်ရေ လုံးဝပြတ်သွားတာ။ ပြောရမယ်ဆိုရင် ၂၀၁၀ ကတည်းက ရေခန်းစ ပြုနေပါပြီ။ အရင်က မိုးရာသီမှာ စုထားတဲ့ရေက နွေရာသီအတွက် လုံလောက်မှုရှိတယ်။ အခု မိုးလည်းမရွာတော့ ပိုဆိုးတာပေါ့” ဟု မကွေးမြို့နယ်မှ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စည်ပင်သာယာမှ ဖြန့်ဝေသည့် ရေကန် ၂၀ အတွင်း ရေမရှိတော့သဖြင့် ၂၀၁၂ ခုနစ် ဒီဇင်ဘာလမှစ၍ သောက်သုံးရေကို စည်ပင်မှ ဖြန့်ဝေခြင်း မရှိတော့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“အရင်ကဆိုရင် ရေကပြတ်တော့ ပြတ်တယ်။ အခုတော့ စည်ပင်က လုံးဝ မပေးတော့ဘူး။ စက်ရေတွင်းရှိတဲ့သူ ဆီကနေ ၀ယ်သုံးနေရတာ။ တစည်ကို ကျပ် ၉ ထောင်လောက် ပေးရပါတယ်။ ကန်ရေတွေ ခန်းတော့လည်း ဘာမှ လုပ်လို့မှမရတာ” ဟု လားရှိုးမြို့ခံ ကိုဇော်ဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အတွင်းတွင်လည်း မြစ်ချောင်းရေများ ခန်းခြောက်မှုကြောင့် စိုက်ပျိုးရေးအတွက် ရေလုံလောက်မှုမရှိသဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း၊ ဧရာဝတီမြစ်ရေ ခန်းခြောက်နေမှုကြောင့် မြစ်အရှေ့နှင့် အနောက်ကို လမ်းလျှောက်၍ ဖြတ်ကူးရနေကြောင်း၊ တွင်းရေမှာလည်း အားလုံးနီးပါး ခန်းခြောက်နေကြောင်း ရေနံချောင်းမြို့နယ်တွင် နေထိုင်သည့် ဦးသန်းအောင်က ဆိုသည်။

“စိုက်ပျိုးရေးမှာ ရေရဖို့အတွက် မြစ်ချောင်းကနေ ရေမော်တာနဲ့ ရေတင်ရတယ်။ လိုသလောက် မရဘူး။ အဲဒါကြောင့် စက်သုံးဆီဖိုး ပိုကုန်တာပေါ့။ ရေကို လိုသလောက် မပေးနိုင်တော့ သီးနှံထွက်နှုန်း နည်းလာပြီး တောင်သူတွေ စီးပွား ကျလာတယ်” ဟု ဦးသန်းအောင်က ဆက်ပြောသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်များတွင်လည်း နွေရာသီရောက်တိုင်း သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်တွင်လည်း သစ်တောများ ပြုန်းတီးမှုကြောင့် ရေရှားပါးလာပြီး စည်ပင်မှ ဖြန့်ဝေသည့် ရေမှာ သုံးစွဲမှု မလုံလောက်သဖြင့် ၀ယ်ယူ သုံးစွဲနေရသည်ဟု ချင်းပြည်နယ် ကန်ပတ်လတ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ တဦးက ပြောသည်။

“သစ်တောတွေ ပြုန်းတီးလာမှုကြောင့် ရေတွေ ရှားလာတယ်။ ရေရှားတဲ့အတွက်ကြောင့် ကျန်းမာရေး ထိခိုက်မှုရှိလာတာပေါ့။ကျနော်တို့ ချင်းတောင်က တွင်းရေလည်း တူးလို့မရဘူးလေ” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်အနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် မိုးခေါင်သဖြင့် ရေလုံလောက်မှု မရှိရာ စိုက်ပျိုးရေး အတွက် တောင်သူများ အခက်ကြုံနေသကဲ့သို့ သောက်သုံးရေ ပြတ်လပ်မှု များစွာ ရှေ့ဆက်ကြုံတွေ့နိုင်ကြောင်း၊ ကျန်းမာရေး အတွက် အထူး ဂရုပြုသင့်ကြောင်း၊ ထို့အပြင် ရေကြောင်း သွားလာမှုများ အတွက်လည်း အန္တရာယ် များစွာ ရှိနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

No comments: