Thursday, April 25, 2013

မဟာမုနိ ကုန်းတော်တွင် အသစ် တည်သော စေတီကို ဘီလူး ၄ ကောင်ဖြင့် အစောင့်အရှောက်ချထား

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နာမည်ကြီး ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ဘုရား ကုန်းတော်ပေါ်တွင် အသစ်တည်ထားသော စေတီ အထက် ခေါင်းလောင်းတွင် ဘီလူး (၄) ကောင်ကို အရပ်လေးမျက်နာကို မျက်နာမူပြီး ခြံရံ တည်ထားကြောင်း သတင်း ရရှိသည်။

စေတီတော်အား မွန်ပြည်နယ်မှ ဦးမျိုးမြင့်သိန်းနှင့် မိသားစုက ကျောက်တော်မြို့နယ် သံယာနာယက ဥက္ကဌ သိန်းတန် ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ၇ ရက်နေ့က စတင် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

စေတီတော်အား ရှေးဟောင်း သုတေသန ဌာန အပါအ၀င် ဒေသခံ လူထုအား တစ်စုံတစ်ရာ အသိမပေးဘဲ နေ့ရော ညပါ (၉) ရက်နှင့် အပြီး တည်ထားခဲ့ခြင်း ဖြစ်သဖြင့် စေတီတည်ထားမူနှင့် ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူများ အကြား အမြင် အမျိုးမျိုးထွက်နေကြောင်း သိရသည်။

၎င်းပြင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် ပြုလုပ်သည့် စေတီပြီးစီးခြင်း အခမ်းအနားအနှင့် အနေကဇာ တင်ပွဲ အတွက် ဖိတ်စာပေးရာတွင်လည်း ဖိတ်ကြားသူ၏ နာမည် မပါဝင်ဘဲ ဖိတ်ကြားခဲ့သဖြင့် လူထုအကြား သံသယကို ပိုမို တိုးပွားစေခဲ့သည်ဟု ဒေသခံ လူကြီး တစ်ဦးကဆိုသည်။

“ သိန်းတန်ဆရာတော် အရှင်ဘုရားအား ဦးထိပ်ထား သြ၀ါဒကို ခံယူလျှက် သံသရာ ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်စေခြင်း အကျိုးဌာ ဤစေတီအား တည်ခြင်း ဖြစ်ပါသည်။ မနက်ဖြန် နံနက် (၉) နာရီ အချိန်တွင် မင်္ဂလာကိစ္စ အ၀၀များ ပြီးပြည့်စုံခြင်း အကျိုးဌာ အလှူဒါနကို ပြုလုပ်လိုသည် ဖြစ်သဖြင့် မပျက်မကွက် ကြွရောက်ကြရပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။ (မဟာမုနိ ဘုရားရင်ပြင်)”
“ ဒီလောက်ဘဲ ပါရှိပါတယ်။ ဘယ်သူ ဖိတ်တယ်ဆိုတာ မပါဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ ရှေးဟောင်း သမိုင်းဝင် မဟာမုနိ ကုန်းတော်ပေါ်တွင် မွန်ပြည်နယ်မှ မိသားစု တစ်စုမှ စေတီ တစ်ဆူ တည်ဆောက်နေခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထု အကြားတွင် မရှင်းလင်းမူများရှိနေသဖြင့် ရခိုင် သမိုင်း သုတေသီ သူမြတ်မဟာ အောင်မြေမှ စေတီတည်နေစဉ် သွားရောက် မေးမြန်း စုံစမ်းခဲ့သည်ဟု ဆိုသည်။ သူ့အား အခြေအနေကို မေးမြန်းရာ ယခုလို ရှင်းပြ ပြောဆိုသည်။

ကျွန်တော်က သူတို့ကို “ ဘာကြောင့် ဒီစေတီတော်ကို တည်ပါသလဲ” လို့ မေးပါတယ်။

သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ဗုဒ္ဓသာသနာ အဓွန့်ရှည်စေရန် အတွက် တည်တာပါ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကျွန်တော်က “ ဗုဒ္ဓဘာသာ အဓွန့်ရှည်စေဖို့ တည်တယ် ဆိုရင် ဒီမှာမှ လာတည်စရာမလိုဘူး။ ကိုယ်ပြည်နယ်မှာကိုယ် တည်ရင်လည်း ရတာဘဲ။ ဘာကြောင့် ရခိုင်ထိ လာတည်ရပါသလဲ” လို့ ဆက်မေးပါတယ်။

သူတို့က ဘာပြန်ပြောသလဲ ဆိုရင် “ ကျွန်တော်တို့ တန်ခိုးကြီး ဘုရားများတွေမှာ တည်ချင်လို့ပါ” ဆိုပြီး ပြန်ဖြေတယ်။

ကျွန်တော်က “ ဒီလို တန်ခိုးကြီး ဘုရားတည်ချင်တယ်ဆိုရင် တခြားနေရာတွေမှာလည်း အများကြီးပါ။ ဘာကြောင့် ဒီဘုရားမှာမှ လာတည်ရတာလဲ” လို့ ဆက်မေးပါတယ်။

သူတို့က ဘာပြန်ပြောသလဲဆိုရင် “ ကျွန်တော်တို့ မြောက်ဦး သျှစ်သောင်း ဘုရား ပုံစံ တည်တာပါတဲ့။ သျှစ်သောင်း ဘုရားပုံပါတဲ့” လို့ ဆိုတယ်။

“ ဒါဆိုရင် ဘာကြောင့် သျှစ်သောင်း ဘုရားပုံ မတည်ဘဲနဲ့ ဘီလူးရုပ် (၄) ရုပ်ကို ဘာကြောင့် စေတီ အလယ် ပစ္စယံ ခေါင်းလောင်းမှာ ထည့်ရသလဲ” လို့ ဆက်မေးပါတယ်။

“ ရခိုင်ဟန် ဖြစ်စေချင်တဲ့ အတွက်ပါ” ဆိုပြီး သူတို့က ပြန်ဖြေပါတယ်။

ကျွန်တော်က ဆက်ပြီး “ ရခိုင်ဟန်မှာ ဘီလူးရုပ် ၄ ရုပ်ကို ထည့်တဲ့ဟန် က တစ်ခုနေရာမှာမှ မရှိဘူး” ဆိုတော့ သူတို့ ဘာမှ မပြောတော့ပါဘူးဟု ဆိုသည်။

ထိုသို့ ပြောဆို မေးမြန်းသည်ကို ပန်းရံဆရာမှ နောက်ပိုင်းတွင် တစ်စုံတစ်ရာ ပြန်လည် ဖြေကြားနိုင်ခြင်း မရှိကြောင်း သူက ဆိုသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား တစ်ခုလုံး အထွတ်အမြတ် ထားရာ မဟာ မုနိ ကုန်းတော်တွင် ပြည်သူများကို တစ်စုံတစ်ရာ အသိမပေးဘဲ ယတြာလုပ်သလိုမျိုး စေတီ တစ်ဆူကို လာတည်သဖြင့် လူထု အကြားတွင် အထူး မကျေနပ်မူ တိုးပွားနေပြီး ယခုအခါ စာရေးကန့်ကွက်သွားရန် စီစဉ်နေကြသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ဒီကိစ္စကို လက်မှတ်တွေ စုဆောင်ပြီး ကန်းပိမ်းပုံစံမျိုး လုပ်ပြီး တောင်းဆိုသွားမယ်။ စေတီကို ပြန် ဖျက်ရေးနဲ့ ပါဝင်တဲ့သူတွေ၊ ဂေါပကတွေကို အရေးယူဖို့ တောင်းဆိုသွားမယ်။ ဒီမဟာမုနိ ကုန်းတော်က ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်ဦးတစ်ယောက် မိမိသဘောနဲ့ အာဏာရှင်လို လုပ်တာကို လက်မခံနိုင်ဘူး” ဟု ဆိုသည်။

မဟာမုနိကုန်းတော်မှာ ရှေးဟောင်း သမိုင်းဝင် နေရာ ဖြစ်သဖြင့် ရှေးဟောင်း ယဉ်ကျေးမူ သုတေသန ဌာန တာဝန်ရှိသူများက စေတီတော်ကို တည်ဆောက်နေသည်ကို ရပ်တန့်ရန် ကျောက်တော်မြို့နယ် တရားသူကြီးနှင့် ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

စစ်တွေ ရဟန်းတော်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဦးဥာဏအား အဆိုပါ စေတီသစ်နှင့် ပတ်သက်ပြီး လျှောက်ထား မေးမြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

“ ဦးဖင်းတို့ အနေနဲ့ အဲဒီနေရာထိ မဆန့်နိုင်ဘူး။ ဆရာတော်တွေရဲ့ လုပ်ဆောင်ချက်တွေကိုဘဲ ကြည့်နေ ရတယ်။ လူတွေကတော့ မကျေမနပ်ချက်တွေ ပေါက်ကွဲလာတာကို တွေ့နေရပါတယ်။ ဦးဇင်းတို့ စစ်ဆေးဖို့ ဆိုတာကလည်း တာဝန်ရှိတဲ့ သံဃာအဖွဲ့က ဆရာတော်တွေက ခွင့်ပြုထားတယ်လို့ သိရတယ်။ ဆရာတော် ကြီးတွေက ခွင့်ပြုထားတာကို ဦးဇင်းတို့ ၀င်ရောက် စွက်ဖက်ဖို့ မသင့်တော်ဘူး။ ခက်နေပါတယ်” ဟု ဆိုသည်။

သူမြတ်မဟာအောင်မြေမှ အဆိုစေတီ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သံဃာနာယက ဥက္ကဌ သိန်းတန် ဆရာတော်အား လျှောက်ထားကြည့်ရာ မိမိ၏ ခွင့်ပြုချက်နှင့် တည်ခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်းသုတေသန ဌာနမှလည်း မိမိအား တရားစွဲဆိုထားကြောင်း၊ မိမိအနေဖြင့် တာဝန်ယူ ဖြေရှင်းသွားရန် အသင့်ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။

No comments: