Tuesday, April 30, 2013

အမှတ် (၅၅၁)တပ်ရင်းမှ ဒုအရာခံဗိုလ် ရခိုင်ကွန်ဒိုင်ရွာမှ ရွာသားတစ်ဦးအား အကြမ်းဖက်ရိုက်နှက်

ဇင်ကီး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ဒပြုချောင်းတံတား ကင်းစခန်းတွင် တာဝန်ကျနေသော အမှတ် (၅၅၁) ခြေလျှင်တပ်ရင်းမှ ဒုအရာခံဗိုလ် မြင့်လွှင်မှ ရခိုင်ကွန်ဒိုင်ကျေးရွာသား ဦးမင်းသူထွန်းအား ဧပြီလ ၂၆ ရက်နေ့က မတရားအကြမ်းဖက် ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးမင်းသူထွန်း ((ဘ) ဦးသန်းထွန်း၊ အသက်- ၂၂ နှစ်၊ မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၂၉၉၉၄) မှာ ကွန်ဒိုင်ရွာမှ ဘူးသီးတောင်မြို့သို့ ဈေးရောင်း၊ ဈေးဝယ်ရန် သွားသူများအား နေ့စဉ်လိုက်ပို့နေသူဖြစ်ပြီး အဆိုပါကင်းစခန်းအနီးတွင် ရေအတက်အကျ စောင့်ဆိုင်းကာ သတင်းပေးပို့ အိပ်လေ့ရှိရာ အဆိုပါနေ့၌ မတရားရိုက်နှက်ခံခဲ့ရကြောင်းကို ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းအောင်သိန်းက ဆိုသည်။

" မင်းသူထွန်းဟာ ကျနော်တို့ဆီကို ၂၇ ရက်နေ့ နံနက်မှာ ရောက်လာပြီး သူ့အဖြစ်ပျက်တွေပြောပြပါတယ်၊ သူက ကင်စခန်းကို သွားပြီး အကြောင်းကြားတဲ့ အခါ ဒုအရာခံ ဗိုလ်မြင့်လွှင်က ဘယ်သူတွေပါသလဲလို့ မေးပါတယ်၊ အမျိုးသီး ၂ ဦးနှင့် ဦးလေးတစ်ယောက်ပါတယ်ဆိုပြီး မင်းသူထွန်းက ပြောတယ်၊ ဦးမြင့်လွှင်က အဲဒီသုံးယောက်ကို ကမ်းပေါ်ကို တက်ခိုင်းတယ်၊ ဒီအချိန်ဟာ (၁၄၄) ရှိနေတဲ့အတွက် ဘာကြောင့်သွားရသလဲဆိုပြီး ဦးမြင့်လွှင်က မင်းထွန်းသူကို ပြောပါတယ်၊ နောက်ပြီး မင်းသူထွန်းကို မြေပေါ်မှာ ၀မ်းလျားမှောက်ခိုင်းပြီး ကျောကုန်းကို ဒုတ်နဲ့ရိုက်တယ်၊ နောက်ပြီး ဦးမြင့်လွင်က သူ့တပည့်တစ်ယောက်ကို ခေါ်ပြီး မင်းသူထွန်း မျက်နှာကို လက်သီးနှင့်ထိုးခိုင်းတယ်၊ ကင်းစခန်းထဲခေါ်ယူသွားပြီး လက်ကို နောက်ပြန်ကြိုးတုတ်ပြီး ခြေသလုံးကို ဒုတ်နဲ့ ရိုက်တယ်၊ မင်းသူထွန်းက မခံနိုင်တဲ့အတွက် ထွက်ပြေးတဲ့အခါ ခြေထောက်နှစ်ချောင်းကို ကြိုးတုတ်ပြီး ဒုတ်နဲ့ထပ်ရိုက်တယ်၊ မင်းထွန်းသူကို အရိုက်ခံနေရတဲ့အတွက် ဦးလေးဖြစ်သူက ၀င်ပြီးတောင်ပန်ပြန်ရင်လည်း ဦးလေးကိုပါ ရိုက်တယ်၊ ပါလာတဲ့ အမျိုးသမီး နှစ်ဦး ငိုပြီးတောင်ပန်ပေမယ့် ချက်ချင်း ပြန်မလွှတ်ပေးဘူး၊ နောက်ဆုံး မင်းသူထွန်းဟာ ကျောင်းသားတစ်ဦးပါလို့ ပြောလိုက်တဲ့အချိန်ကျမှ လွှတ်ပေးလိုက်တယ်လို့ မင်းသူထွန်း ကျနော်တို့နဲ့ တွေ့တဲ့အခါ ပြောပြခဲ့ပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ဘူသီးတောင်မြို့နယ်တွင် (၁၄၄) ထုတ်ထားတဲ့အချိန်သည် ညနေ ၁၀ နာရီမှာ နံနက် ၄ နာရီထိဖြစ်ပြီး ဦးမင်းသူထွန်းအား ခေါ်ယူစစ်ဆေးချိန်မှာ ၄ နာရီခွဲခန့် အချိန်ဖြစ်နေသဖြင့် (၁၄၄) ထုတ်ထားသည့်အချိန်အား ကျော်လွန်နေကြောင်း ဦးထွန်းအောင်သိန်းက မှတ်ချက်ပေးသည်။

ဦးမင်းသူထွန်းမှာ ကျောကုန်းအား သစ်သားတုတ်ဖြင့် (၂)ချက် တအားရိုက်နှက်ပြီး ကျန်ရဲဘော်တစ်ယောက်က လက်သီးဖြင့် မျက်နှာကို ညာ(၅)ချက်၊ ဘယ်(၇)ချက် တအားထိုးခြင်းခံခဲ့ရပြီး စခန်းထဲသို့ခေါ်သွားကာ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်အား ကြိုးတုတ်ကာ မြေပေါ်တွင် လဲချ၍ ခြေနှစ်ဖက်လုံးကို သစ်လုံးဖြင့် အကြိမ်ကြိမ်ကြိတ်ပြီး ကိုယ်ခန္ဓာအား သစ်သားတုတ်ဖြင့် (၁၀)ကြိမ်ထက်မနည်း ရိုက်နှက်ခြင်းခံခဲ့ရကြောင်း သိရသည်။

စက်လှေပေါ်၌ပါလာသည့် ဦးကျော်ဇောလှ( မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၁၁၈၅၆) (ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ်)မှ ၀င်ရောက်တောင်းပန်ရာ ဒုအရာခံဗိုလ်က တုတ်ဖြင့် (၂)ချက် ရိုက်နှက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဦးမင်းသူထွန်းမှာ ခြေ၊ နောက်ကျောနှင့် မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသခံလျှက်ရှိရာ ဦးထွန်းအောင်ဖြူမှာလည်း ခန္ဓာကိုယ်တွင် ဒဏ်ရာရသွားကြောင်း၊ အဆိုပါ ဖြစ်စဉ်အား မင်းသူထွန်းမှာ ဘူးသီးတောင်ရဲစခန်းတွင် ၂၉ ရက်နေ့က သွားရောက်တိုင်ကြားရာတွင် တိုင်ချက်အား ရဲစခန်းမှ လက်မခံကြောင်း ဘူသီးတောင်မြို့မှ လူငယ်တစ်ဦးက ဆိုသည်။

အဆိုပါ ကင်းစခန်းတွင် ထိုသို့ အနိုင်ကျင့်မှုများ ယခင်က မရှိခဲ့ဘဲ ဒုအရာခံဗိုလ် မြင့်လွှင်ရောက်လာမှ ထိုသို့ပြုမူခြင်းဖြစ်ကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ခန့်ကလည်း ဒုအရာခံဗိုလ်နှင့် ရဲဘော်တို့သည် လှေပေါ်ပါလာသည့် မိန့်ကလေးတစ်ဦးအား ပေးရန်တောင်းရာ ဦးမင်းသူထွန်းမှ ရွာသူတွေဖြစ်ကြောင်း ပြောခဲ့ရသည်ဟု ပြောခဲ့ရပြီး ယခု တစ်ကြိမ်တွင်လည်း ဒုအရာခံဗိုလ် ဦမြင့်လွှင်မှာ စက်လှေပေါ်တွင် ပါလာသော ရခိုင်ကွန်ဒိုင်ကျေးရွာမှ ဒေါ်မလှဝင်း(ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ် နှင့် ဒေါ်မစောရွှေ(ဘ) ဦးမောင်စံလှ၊ အသက် (၁၈) နှစ် တို့အား ကုန်းပေါ်သို့ ကိုယ်လက်များကိုကိုင်၍ ဆွဲတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ဒိုကျေးရွာမှာ ဘူးသီးတောင်မြို့သို့ ၆ မိုင်ခန့် ကွာဝေးပြီး ရေကြောင်းဖြင့်သွားလျှင် ၂ နာရီခန့်ကြာပြီး ယခင်က မြို့သို့ ကုန်းလမ်းမှ လာရောက်ကြရာ ၂၀၁၂ ရခိုင်ပြည်တွင် ပဋိပက္ခ ဖြစ်ပေါ်ပြီးနောက်ပိုင်း ဘင်္ဂလီကျေးရွာများမှ ဖြတ်သန်းသွားလာခြင်း မပြုဝံ့တော့သဖြင့် စက်လှေဖြင့် သွားလာနေကြကြောင်း သိရသည်။

No comments: