ABC
မြန်မာနိုင်ငံမှာ တိုင်းရင်းသားရေးရာ၊ လွှတ်တော်ရေးရာနဲ့ လယ်သမားအရေးတွေကို တင်ဆက်မယ့် ရုပ်သံလိုင်း သုံးလိုင်းကို စက်တင်ဘာလ အတွင်း ပြန်ကြားရေးဝန်ကြီးဌာနက သီးခြားစီ ထုတ်လွှင့်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဦးပိုက်ထွေးက ပြောပါတယ်။
မွန်ပြည်နယ် မော်လမြို့မြို့မှာ ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်နေ့ အထိ ကျင်းပနေတဲ့ တိုင်းရင်းသား မီဒီယာ ညီလာခံမှာ ဝန်ကြီး ဦးပိုက်ထွေးက ပြောဆိုခဲ့တာပါ။
တိုင်းရင်းသားရေးရာ၊ လွှတ်တော်ရေးရာနဲ့ လယ်သမားရေးရာဆိုင်ရာ ရုပ်သံလိုင်း သုံးခုကို စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာမှာ ပြည်နယ်သတင်းကဏ္ဍတွေကို ၄၀ ရာခိုင်နှုန်း၊ တိုင်းရင်း ပညာရေးနဲ့ ရိုးရာတွေကို ၃၀ ရာခိုင်နှုန်း၊ တိုင်းရင်းသား တေး၊ ဇာတ်လမ်း အစရှိတာတွေကို ၃၀ ရာခိုင်နှုန်း အသီးသီး ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
စတင်ထုတ်လွှင့်တဲ့အခါ တစ်နာရီမှာ တိုင်းရင်း ဘာသာစကား တစ်မျိုးစီနဲ့ ထုတ်လွှင့်မှာဖြစ်ပြီး စုစုပေါင်း တိုင်းရင်းဘာသာ ၈ မျိုးနဲ့ ထုတ်လွှင့်မှာဖြစ်ပါတယ်။
တစ်နာရီကြာ ထုတ်လွှင့်မှုနဲ့ စတင်ပြီး ၆ လ အကြာနောက်ပိုင်းမှာတော့ တိုင်းရင်းဘာသာစကား တစ်မျိုးစီအတွက် နှစ်နာရီ အထိ တိုးမြှင့် ထုတ်လွှင့်သွားမယ်လို့လည်း ပြောပါတယ်။
လယ်သမားဆိုင်ရာ ရုပ်သံလိုင်းမှာတော့ လယ်သမားရေးရာတွေကို အဓိက ထုတ်လွှင့်မှာဖြစ်ပြီး လွှတ်တော် လိုင်းမှာလည်း လွှတ်တော် ရေးရာတွေ အဓိကပါဝင်မယ်လို့ ဦးပိုက်ထွေးက ပြောပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသား ရုပ်သံလိုင်းတွေ ထုတ်လွှင့်ပေးတာ ကောင်းမွန်ပြီး တိုင်းရင်း ဘာသာစကား၊ ရိုးရာတို့ အပြင် အခြား သတင်းပိုင်းဆိုင်ရာ တွေကိုလည်း ဦးစားပေးသင့်ကြောင်း ဟားခါး ပို့စ် သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ပါပွီးက ပြောပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာက ထုတ်လွှင့်မယ့် ဘာသာစကားတွေက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာနဲ့ တိုင်းရင်းသားရေးရာ တို့ဖြစ်ပြီး တိုင်းရင်းသားရေးရာ ဆိုတာက ဘယ်ဘာသာစကားဆိုတာ ထည့်သွင်းပြောသွားတာ မရှိခဲ့ပါဘူး။
အဆိပ်အတောက်ဖြစ်စေတဲ့ မီဒီယာမဟုတ်ဘဲ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ ညီညွတ်စွာ လုပ်ကိုင်ဖို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကလည်း ပြောလိုက်ပါတယ်။
တိုင်းရင်းမီဒီယာညီလာခံကို ပြည်တွင်းမှာ ပထမဆုံး အကြိမ်အဖြစ် မော်လမြိုင်မြို့မှာ နိုင်ငံတကာမြန်မာ့သတင်း Burma News International (BNI) အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင် တိုင်းရင်းသား မီဒီယာတွေနဲ့ အခြား တိုင်းရင်းသားမီဒီယာတွေအပြင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ သက်ဆိုင်ရာ စာနယ်ဇင်း အသင်းအဖွဲ့တွေ တက်ရောက် ဆွေးနွေးနေကြတယ်လို့ အလွတ်သတင်းထောက် ရွှေမြိတ်သားလေး ဇော်ဇော်က သတင်းပေးပို့ထားပါတယ်
No comments:
Post a Comment