Saturday, April 27, 2013

မြစ်ကြီးနား-လိုင်ဇာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အစိုးရတပ်များ တိုးချ

KNG

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲကြောင့် တစ်နှစ်ကျော် ပိတ်သွားသော တရုတ်နယ်စပ်ကုန်သွယ်ရေး လိုင်ဇာ-မြစ်ကြီးနား ကားလမ်းမ ပြန်ဖွင့်လာသော်လည်း အစိုးရတပ်များ ရုတ်သိမ်းခြင်းမရှိဘဲ ပိုမိုတိုးချဲ့ထားကြောင်း သိရသည်။

ဗဟိုလုံခြုံရေး KIA တပ်မဟာ (၅) နယ်မြေ ဘွမ်ရယ်ဘွမ် (Bum Re Bum)၊ နမ်ဆန်ယန် (Nam San Yang)၊ မဒီးယန် (Madi Yang)၊ ခယာဘွမ် (Hka Ya Bum)နှင့် ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) အစိုးရ တပ်စခန်းများတွင် တပ်အပြောင်းအလဲလုပ်ကာ စစ်အင်အားများ ယခင်ထက် ပိုချထားသည်ဟု ရှေ့တန်းမှ KIA စစ်ဗိုလ်များ ပြောသည်။ ယခုလတွင်လည်း အလော့ဘွမ် (Alaw Bum) ရှိ ခလရ (၁၄၂) တပ်ကို နွမ်လန့် (Num Lang) အခြေစိုက် ခမရ (၄၃၈) တပ်ဖြင့် အပြောင်းအလဲပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။

"အစိုးရစခန်း ၁ ခုမှာ နဂိုက ၅၀ ရှိတဲ့နေရာမှာ အခု ၈၀ လောက်ရှိနေပြီ်။ ၁၀၀ လောက်ရှိတဲ့စခန်းမှာ အခု ၁၅၀ လောက်ရှိနေပြီ။ ယခင်ထက် ၂ ဆ ပိုပြီးတိုးချဲ့ထားတယ်။ တပ်တွေလဲရင်းနဲ့ ပြန်တိုးလာတာ" ဟု ရှေ့တန်းမှ KIA စစ်ဗိုလ်တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင် တပ်ချထားသည့် အစိုးရ စစ်အင်အား ၁၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

နမ်ဆန်ယန်နှင့် မြစ်ကြီးနား ကြားရှိ အစိုးရတပ် ဂိတ်များတွင် ဆိုင်ကယ်ကယ်ရီနှင့် ခရီးများကို အခမဲ့ သောက်ရေနှင့် ဖရဲသီးများ ထူးထူးခြားခြား ဝေငှပေးနေကြောင်းလည်း ခရီးသွားများဆိုပါသည်။

"အစိုးရတပ်ကို ပြည်သူများ အယုံအကြည်ရှိလာအောင် လုပ်တာ.. KIA နှင့် တိုက်ပွဲမဖြစ်ချင်လို့ စိတ်ကောင်း ယောင်ဆောင်လုပ်ခြင်းပါ။ နိုင်ငံရေး အမြတ်ထုတ်နေတာ ဖြစ်နိုင်တယ်" ဟု လိုင်ဇာမှ ခရီးသည်တစ်ဦး KNG ကချင်သတင်းဌာန သို့ ထင်မြင်ချက်ပေးသည်။

တိုက်ပွဲစတင်ချိန်ကတည်းက ပိတ်သွားသော မြစ်ကြီးနား-ဗန်းမော်လမ်းသည် မတ်လမှ ပြန်ဖွင့်လာပါသည်။ ယခုချိန် ထိုလမ်းမအတိုင်း လိုင်ဇာ သို့သွားသည့် ဆိုင်ကယ်ကယ်ရီသမားများ တစ်နေ့တွင် ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း လိုင်ဇာဒေခံများပြောသည်။

လိုင်ဇာနှင့် မြစ်ကြီးနားကြားရှိ အစိုးရတပ် ဂိတ်များတွင် အဓိက ငွေကောက်ခံခြင်းကို ကားကြီးများ (သစ်ကား၊ ဖရဲသီးကားနှင့် ငှက်ပျောသီးကား) တွင်သာ ပြုလုပ်သည်ဟု ဆိုင်ကယ်ကယ်ရီသမားများ ဆိုသည်။

၎င်းဂိတ်များရှိ စစ်သားများကို "နင်တို့ ဘာမှ မဖြစ်ချင်ရင်၊ ဒုက္ခိတနဲ့ အိမ်မပြန်ချင်ရင်၊ မသေချင်ရင် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများကို ကောင်းမွန်စွာဆက်ဆံ… ခရီးသွားပြည်သူများကို ကောင်းမွန်စွာမဆက်ဆံရင် KIO တွေမင်းတို့ကို လာပစ်လိမ့်မယ်" ဟု အထက် ဂိတ်မှူးများ သတိပေး ညွှန်ကြားထားကြောင်းလည်း စုံစမ်းသိရသည်။

KIA တပ်မဟာ (၅) နယ်မြေသို့ အစိုးရတပ်များ အပြောင်းအလဲလုပ်ခြင်း နည်းလမ်းဖြင့် စစ်အင်အားများ တိုးချဲ့ထားသော်လည်း နှစ်ဖက်တပ် ပစ်ခတ်မှုများ မရှိသေးဟု လိုင်ဇာမှ KIA စစ်ဗိုလ်များ ဆိုပါသည်။

မြန်မာအစိုးရနှင့် KIO ကြား ခိုင်မာသည့် စစ်ပြေငြိမ်းခြင်းမရှိဘဲ စစ်ဖြစ်နေဆဲ အခြေအနေမှာ မြစ်ကြီးနား-လိုင်ဇာလမ်းတွင် ဆိုင်ကယ် ကယ်ရီသမားများနှင့် ကုန်သည်များ နေ့စဉ် သွားလာနေပြီဖြစ်သည်။

No comments: