Friday, April 26, 2013

နိုင်ငံရေးဆွေးနွေးရေးအတွက် ပြည်သူလူထုများနှင့် RCSS/SSA ထပ်မံတွေ့ဆုံရန်စီစဉ်နေ

သျှမ်းသံတော်ဆင့်

အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရေးအတွက် ဒေသခံပြည်သူလူထုများအား သျှမ်းပြည်တပ်မတော်မှ ထပ်မံတွေ့ဆုံရန်ရှိကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။

“ လာမယ့်လ ထဲမှာ လူထုနဲ့ထပ်တွေ့မယ် ။ ဗိုလ်မှူးချုပ်ပေါင်ခေးကဘဲ ဦးဆောင်မှာပါ။ ဒီတခါတွေ့ဆုံတာ စတုတ္ထအကြိမ် ပေါ့ဗျာ။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးမူဘောင်အကြောင်း ထပ်မံဆွေးနွေး အကြံဉာဏ်ယူဖို့ပေါ့ဗျာ” ဟု RCSS မှ အရာရှိ တဦးကပြောသည်။

၂၀၁၂ ဂျန္နဝါရီလ အစိုးရနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးသဘောတူပြီးနောက်ပိုင်း တွင် RCSS/SSA မှ လူထုနှင့် ပထမ အကြိမ်တွေ့ဆုံနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်ကိုမူ မေလ ၁၉ ရက်နောက်ပိုင်း ဦးအောင်မင်းနှင့် ကျိုင်းတုံ၌ဆွေးနွေးပြီး နောက်ပိုင်း တွင် ဖြစ်သည်။ တတိယအကြိမ်ကို ၂၀၁၂ အောက်တိုဘာလ ၂၈ တာချီလိတ်မြို့၌ UNODC ၊ CCDAC တို့နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် လူထုအား တွေ့ဆုံခဲ့သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယခုလ ၂၃ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးဦး ဆောင်ကော်မတီအစည်းအဝေးပြီးနောက်ပိုင်း လူထုနှင့်ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ ရေးဆွဲသည့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

No comments: