Monday, April 29, 2013

ဝေသာလီခေတ် ကြေးသွန်းဆင်းထုတော် ပျောက်ဆုံးမူ ပြည်နယ် အစိုးရကို တိုင်ကြားမည်

မောင်အေး

ရခိုင်ပြည်နယ် ပေါက်တော်မြို့နယ် င၀က်စွယ် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံးနေသော ဝေသာလီခေတ် ဗုဒ္ဓဆင်းထုတော်နှင့် ပတ်သက်ပြီး ရွာသားများသည် ရခိုင်ပြည်နယ် အစိုးရထိ တက်ရောက် တိုင်ကြားရန် စီစဉ်နေသည်ဟု သတင်း ရရှိသည်။

နိရဉ္စရာသို့ ကျေးရွာသား တစ်ဦးမှ ယခုလို ဖုံးဆက်ပြောကြားသည်။

“ကျွန်တော်တို့ အခု စစ်တွေကိုလာတာက ဒီဘုရား ပျောက်သွားတဲ့ ကိစ္စကို ဒေသဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားထားပေမဲ့ ဘာမှ မထူးခြားတဲ့ အတွက် အမှုဖွင့်လို့ ရမလားဆိုပြီး မျော်လင့်ချက်နဲ့ လာတာဖြစ်တယ်။ ကျွန်တော်တို့ ဌာ နဆိုင်ရာတွေကို သွားပြီး အခြေအနေတွေကို ပြောပြတော့ အမှုဖွင့်ဖို့ အတွက် ပြည်နယ်ရုံးက အမှုဖွင့်ခွင့်တောင်း ရမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ရခိုင် ဝေသာလီခေတ် ဗုဒ္ဓဆင်းထုတော်မှာ ဥာဏ်တော် (၉) လက်မ မြင့်ပြီး ရွာဘုန်းကြီးကျောင်း မီးခံ သေတ္တာတွင် သိမ်းဆည်းထားရာမှ လွန်ခဲ့သောနှစ် ဧပြီလ ၁၆ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည်။

ပျောက်ဆုံးပြီးနောက် ကျေးရွာသားများမှ မြို့နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများအား တိုင်ကြား ထားခဲ့သည်။ တနှစ်ကျော်ကြာလာသည့် တိုင်အောင် ဘုရားပျောက်ဆုံးမူ ကိစ္စ တစ်စုံတရာ စုံစမ်း စစ်ဆေး မေးမြန်းမူ မရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။

“ ဗုဒ္ဓဆင်းထုတော် ပျောက်ဆုံးသွားတဲ့ အတွက် ၂၀၁၂ ခုနှစ်မေလအတွင်းက သက်ဆိုင်ရာဌာန အသီးသီးသို့ ကျေးရွားသားများက တိုင်ကြားခဲ့ပါတယ်။ သူတို့က ဘာမှ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး” ဟု ဆိုသည်။

ပျောက်ဆုံးသွာသော ဆင်းထုတော်မှာ ရှေးခေတ် ကြေးသွန်းဘုရားဖြစ်ပြီး အထူးသပ္ပါယ်ကာ တန်ဖိုးကြီးမားသည်ဟု ဆိုသည်။

ဘုရား ဆင်းထုတော်နှင့် ပတ်သတ်ပြီး သတင်း အမျိုးမျိုးထွက်ပေါ် လာသဖြင့် ကျေးရွာသားများက ၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဘုန်းတော်ကြီး ကျောင်း ကျက်သရေခန်းထဲရှိ မီးခံသေတ္တာထဲအား စစ်ဆေးရာ ဆင်းထုတော်မှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဘုရားအား ထိန်းသိမ်းထားရာ မီးခံ သေတ္တာသော့အား ကျောင်းထိုင်ဆရာတော်ထံတွင် သိမ်းဆည်းထားသဖြင့် ဆင်းထုတော် ပျောက်ဆုံးပြီးနောက် ကျေးရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။

ပျောက်ဆုံးနေသော ရှေးဟောင်း ဆင်းထုတော် အရေးအကိစ္စကို သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူများမှ ဖေါ်ထုတ် စစ်ဆေးပေးရန် ကျေးရွာသားများက အထူးလိုလားနေကြောင်း သိရသည်။

No comments: