ABC
စစ်ကိုင်းတိုင်း မုံရွာမြို့ခရိုင်ထဲမှာ မနေ့က ဒေသခံလယ်သမားတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ပြီး အငြင်းပွားတိုက်ခိုက်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်း စီမံကိန်းတည်ရှိရာ အနီးမှာ သိမ်းဆည်းထားတဲ့ လယ်တွေထဲကို လယ်သမားတွေက ဝင်ရောက်ထွန်ယက်ဖို့ ကြိုးစားရာက မြေရာလုံခြုံရေး တာဝန်ယူထားတဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေယာဆုံးရှုံးရမှုအတွက် ပေးလျော်တဲ့ လျော်ကြေးငွေကို လက်မခံခဲ့တဲ့ လယ်သမားတချို့က သူတို့ရဲ့လယ်မြေတွေထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရဲတပ်သား အယောက် ၂၀၀ လောက်က တားဆီးခဲ့ရာက ပဌိပက္ခဖြစ်ခဲ့တာကြောင့် လယ်သမားတချို့ ဒဏ်ရာရခဲ့တယ်အကြောင်း အခင်းဖြစ်ပွားရာအနီး ရောက်နေတဲ့သူတချို့ ပြောပြထားတာတွေကို AFP သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။
အငြင်းပွားမှုအသေးစိတ်အကြောင်း
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ မနေ့တုန်းက ဒေသခံလယ်သမားတွေနဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် လယ်သမားတဦး သေနတ်ထိမှန်ခဲ့ပြီး တခြား ထိခိုက်ဒဏ်ရာတွေလည်း ရရှိခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
လယ်သမားတွေက သူတို့ရဲ့လယ်မြေတွေပေါ်မှာ ၂၃ရက်နေ့ကတည်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲနေတာဖြစ်ပြီး ၂၅ ရက်နေ့မှာတော့ ဆည်တည်းရွာက မရီဝင်းပိုင်တဲ့လယ်မြေနဲ့ မိုးကြိုးပြင်ရွာက ကိုဝင်းကျော်ပိုင်တဲ့ လယ်မြေပေါ်မှာ ထွန်ယက်နေစဉ်တုန်း လုံထိန်းရဲအင်အား ရာနဲ့ချီ မီးသတ်ကား ၁စီးနဲ့ ရောက်လာပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့ နေရာဖြစ်လို့ ထွန်ယက်ခြင်းမ လုပ်ဖို့ တားမြစ်ရာက ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာလို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဟန်ဝင်းအောင်က ပြောပါတယ်။
“ဒီကနေ့မနက် ၉နာရီမှာ မရီဝင်းတို့ကို လုံထိန်းတွေက ၀င်ရိုက်တယ်၊ မနက် ၁၀နာရီထိုးလောက်မှာ သေနတ်နဲ့ စပစ်တယ်ပေါ့ဗျာ၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုအောင်စိုး၊ ဆည်တည်းရွာက ကိုစိုးသူ၊ ဦးမောင်စန်း လုံထိန်းတွေက ရိုက်နှက်ပြီးတော့ ဖမ်းဆီးသွားတယ်၊ အခင်းဖြစ်ပွားတဲ့နေရာမှာတင်၊ တုံရွာသစ်က ကိုတင်ဇော်ကတော့ ကျည်ဆန်ထိပြီးတော့ မုံရွာမြို့မှာ ကုသမှုခံနေရတယ်၊ မိုးကြိုးပြင်က ဒေါ်စန်းဝင်းရယ်၊ ဆည်တည်းရွာက ကိုလှိုင်ဝင်းရယ်၊ ကိုကျော်ထွန်းနိုင်ဆိုတဲ့တယောက်ရယ်ကတော့ ခေါင်းဒဏ်ရာကြီးကြီး ကျယ် ကျယ်ရထားတယ်။”
ဒေသခံလယ်သမားတွေဟာ မိုးကျလာပြီဖြစ်တဲ့အတွက် သူတို့ပိုင်တဲ့လယ်မြေပေါ်မှာ ထွန်ယက်နေတာလို့ ပြောပါတယ်။ ဒီမြေတွေဟာ လက်ပန်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအရ လယ်မြေသိမ်းယူထားတဲ့ စီမံကိန်းဒေသကမြေယာတွေအတွက် လျော်ကြေးငွေ ပေးတာကို လက်မခံခဲ့တဲ့အပြင် လယ်မြေကိုရောင်းချခြင်း၊ လွဲပြောင်းခြင်း မပြုလုပ်ထားတဲ့ လယ်မြေတွေဖြစ် တယ်လို့ ဆန္ဒပြသူတွေကပြောကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment