Tuesday, April 30, 2013

ရခိုင်ပဋိပက္ခဒုက္ခသည်တွေ ချက်ချင်းအကူအညီလိုဟု စုံစမ်းရေးကော်မရှင်ပြော

ABC

မြန်မာအစိုးရအနေနဲ့ ​ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​ဒုက္ခရောက်ခဲ့တဲ့ ​မွတ်ဆလင် ​ဒုက္ခသည်တွေကို ​ချက်ချင်းကူညီဖို့လိုတယ်လို့ ​ရခိုင်ပြည်နယ်ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ​အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

မနေ့က ​ထုတ်ပြန်တဲ့ ​ပဋိပက္ခစုံစမ်းစစ်ဆေးရေး ​အစီရင်ခံစာ ​သတင်းစာရှင်းပွဲမှာ ​ဒေသထဲမှာလည်း ​ပဋိပက္ခတွေ ​ထပ်ပြီးမဖြစ်ပွားဖို့အတွက် ​စစ်တပ်အင်အား ​ပိုမိုချထားဖို့လိုတယ်လို့လည်း ​ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ​ဇွန်လမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​လူပေါင်း ​နှစ်ရာကျော်သေဆုံးခဲ့ရပြီး ​တသိန်းလေးသောင်းလောက် ​အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အစိုးရက ​ဖွဲ့စည်းထားတဲ့ ​စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ​အစီရင်ခံစာထဲမှာ ​လက်ရှိအခြေအနေမှာတော့ ​ဗုဒ္ဓဘာသာဝင် ​ရခိုင်လူမျိုးတွေနဲ့ ​အစ္စလမ်ဘာသာဝင် ​မွတ်ဆလင် ​လူမျိုးတွေကို ​ယာယီခွဲခြားထားရဦးမှာ ​ဖြစ်တဲ့အကြောင်းလည်း ​ပြောပါတယ်။

အသိုင်းအ၀ိုင်းနှစ်ခုကို ​ခွဲခြားထားတာဟာ ​ရေရှည်အတွက် ​အဖြေတော့မဟုတ်ဘူး ​ဆိုပေမယ့် ​နှစ်ဖက်စလုံးက ​စိတ်ခံစားမှုပြင်းထန်နေမှုတွေ ​လျော့ကျသွားတဲ့အထိတော့ ​ခွဲခြားထားရမှာဖြစ်တယ်လို့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်အဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ကပဲ ​လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း ​မြန်မာနိုင်ငံမှာဖြစ်ခဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ​အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ ​ဖြစ်ခဲ့တဲ့ပဋိပက္ခတွေဟာ ​လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲထားပါတယ်။ ​ဒါပေမယ့် ​အခုလို ​စွပ်စွဲချက်ကို ​မြန်မာအစိုးရက ​ငြင်းဆိုထားပြီးတော့ ​မြန်မာနိုင်ငံရေးလေ့လာသူတချို့ကလည်း ​စွပ်စွဲချက်ဟာ ​တရားမျှတမှုမရှိဘူးလို့လည်း ​သုံးသပ်ထားကြပါတယ်။


ရခိုင်ပြည်နယ်ပဋိပက္ခအစီရင်ခံစာသတင်းအပြည့်အစုံ

ရခိုင်ပြည်နယ်ထဲမှာ ​ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ​အိုးအိမ်မဲ့ဒုက္ခရောက်ခဲ့ရသူတွေကို ​စားနပ်ရိက္ခာနဲ့ ​နေရာအမိုးအကာရရှိဖို့ ​ပိုမိုဦးစားပေးလုပ်ဆောင်ပေးရမယ်လို့ ​ရခိုင်ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေး ​ကော်မတီရဲ့ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားပါတယ်။

အိုးအိမ်မဲ့ဖြစ်နေတဲ့ ​သူတွေကို ​အရေးပေါ်အကူအညီတွေချက်ချင်းပေးဖို့လိုတဲ့အကြောင်း၊ ​မကြာခင်မှာ ​မိုးတွင်းရောက်လာတော့မှာဖြစ်တဲ့အတွက် ​ဒုက္ခသည်တွေအဖို့ ​လုံခြုံရေးနဲ့ ​ရာယာယီတဲအမိုးအကာတွေပေးဖို့လိုကြောင်း၊ ​အဲ့ဒါအပြင် ​ဒုက္ခသည်တွေအတွက် ​စားနပ်ရိက္ခာ ​တဆယ့်ငါးရာခိုင်နှုံးလိုအပ်နေသေးသလို ​နေအိမ် ​ကိုးဆယ်ရာခိုင်းနှုံး ​လိုအပ်သေးတယ်လို့လည်း ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားပါတယ်။

အဲ့ဒါအပြင် ​နိုင်ငံသားဖြစ်နိုင်ရေးနဲ့ ​ဖြစ်ပြီးသားလူတွေအတွက် ​အခွင့်အရေးအာမခံချက်ရရှိဖို့ ​အတွက်လည်း ​အစီရင်ခံစာထဲမှာ ​အကြံပြုဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာထဲမှာ ​ပဋိပက္ခတွေကြောင့် ​အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ​ဒုက္ခသည်တွေရဲ့အရေးကို ​ဦးစားပေးဖော်ပြထားတဲ့အကြောင်းကို ​အစီရင်ခံစာ ​ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ​ဦးကိုကိုကြီးက ​အခုလိုရှင်းပြပါတယ်။

“ပဋိပက္ခ ​စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ​အပြီးသတ်အစီရင်ခံစာသတင်းစာရှင်းလင်းပွဲလုပ်တာပါ၊ ​အခန်း ​၁၂ခန်းရှိတဲ့အထဲမှာ ​ဒုက္ခသည်များနဲ့ ​ပတ်သက်တာကို ​ဒီအမိုးအကာရရှိဖို့ ​၊ ​စားနပ်ရိက္ခာထောက်ပံ့ဖို့ဆိုတာတွေကို ​နံပါတ် ​၁ဦးစားပေးအနေနဲ့ ​ကျနော်တို့ ​ဖော်ပြထားပါတယ်၊ ​နောက် ​ပညာရေး၊ ​စီးပွားရေး၊ ​လူမှုရေး ​၊ ​ကျန်းမာရေး ​စတဲ့အခန်းကဏ္ဍတွေ ​၊ ​နိုင်ငံသားဖြစ်မှုနဲ့ ​ပတ်သက်ပြီးတော့ ​ကျနော်တို့စနစ်တကျစီစစ်ကောက်ယူဖို့ ​နိုင်ငံသားဖြစ်ပြီးသား ​သူတွေကို ​နိုင်ငံသားအခွင့်အရေး ​အာမခံချက်ရှိဖို့ ​အဲဒါတွေကို ​ကျနော်တို့ ​အကြံပြုထား ​တာရှိပါတယ်။”

ပြီးခဲ့တဲ့ ​ဇွန်လနဲ့ ​အောက်တိုဘာလတွေမှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ရခိုင်ပြည်နယ်မှာ ​ဗုဒ္ဓဘာသာဝင် ​ရခိုင်လူမျိုးတွေနဲ့ ​အစ္စလမ်ဘာသာဝင် ​မွတ်စဆင်လူမျိုးတွေကြား ​အခြေအနေက ​တင်းမာနေဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဖက်က ​တရားမ၀င်ခိုးဝင်လာတဲ့ ​ရိုဟင်ဂျာဦးရေ ​ရှစ်သိန်းလောက်ရှိတယ်လို့ ​မြန်မာနိုင်ငံဖက်ကအမြင်ရှိပါတယ်။ ​တရားမ၀င်ဝင်ရောက်လာတဲ့သူတွေနဲ့ ​နိုင်ငံသားတွေကို ​စီစစ်ဖို့ကိစ္စကို ​ကြိုစားလုပ်ဆောင်ဖို့လိုတယ် ​ဆိုတဲ့အကြောင်းကိုလည်း ​ဦးကိုကိုကြီးက ​အခုလိုဆက်ပြောပါတယ်။

“တရားမ၀င်ဝင်ရောက်လာတဲ့သူတွေနဲ့ ​ကိုယ့်မှာရှိပြီးသားနိုင်ငံသားတွေနဲ့ ​အဲဒါတွေကို ​စီစစ်ဖို့ကိစ္စပေါ့လေ၊ ​အဲဒါ ​လည်း ​တော်တော်လေးကြိုးစားရမဲ့ကိစ္စပါ၊ ​ဒေသမှာရှိတဲ့ ​တရားမ၀င်ဝင်ရောက်လာတဲ့သူတွေကို ​အကြောင်း ​ပြုပြီးတော့ ​ဖြစ်တဲ့ကိစ္စမှာ ​နောက်ပိုင်းကျတော့ ​ဘာသာရေးပုံစံပြောင်းလာတာမျိုးကို ​ကျနော်တို့ကိုယ်နိုက်က ​ဒါလက်ခံလို့ ​မရဘူး၊ ​ကျနော်တို့က ​လူမျိုးစုကိစ္စကို ​သီးခြားဖြေရှင်းနိုင်ဖို့အတွက် ​ကြိုးစားရမှာ ​ဘာသာရေးပုံစံမျိုး ​ဖန်တီးတဲ့ကိစ္စမျိုးကို ​ကျနော်တို့ ​လက်ခံလို့ ​မရပါဘူး။”

ပဋိပက္ခကြောင့် ​ဇွန်လကနေစပြီး ​ထောင်နဲ့ချီတဲ့ ​ရိုဟင်ဂျာတွေ ​မြန်မာနိုင်ငံကနေ ​အိမ်နီးချင်းနိုင်ငံတွေဆီကို ​လှေတွေနဲ့ ​ထွက်ပြေးကြပါတယ်။ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ထွက်ပြေးလာတဲ့လှေတွေကို ​လက်မခံတဲ့အတွက် ​များသောအားဖြင့် ​မလေးရှားနိုင်ငံ ​ထွက်ပြေးသွားကြပါတယ်။

ပြီးခဲ့တဲ့တပတ်ကထုတ်ပြန်ထားတဲ့ ​လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ​အစီရင်ခံစာထဲမှာ ​ရခိုင်ပြည်နယ်ကပဋိပက္ခကနေလှုံ့ဆော်မှုတွေဟာ ​မိထ္ထီလာအထိ ​ကူးဆက်ခဲ့ပါတယ်။ ​မိထ္ထီလာပဋိပက္ခမှာ ​လူပေါင်း ​လေးဆယ်ကျော်သေဆုံးခဲ့ရပါတယ်။

စံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ကတော့ ​ရခိုင်ပြည်နယ်ကပဋိပက္ခတွေကို ​ပြည်တွင်းပြည်ပ ​အဖွဲ့အစည်းတွေအနေနဲ့ ​ချည်းကပ်လေ့လာတဲ့ ​နေရာမှာ ​လူ့အခွင့်အရေးရှု့ဒေါင့်၊ ​နိုင်ငံသားအခွင့်အရေးရှု့ဒေါင့်၊ ​နိုင်ငံတော်လုံခြုံရေးရှု့ဒေါင့်တွေကနေ ​ချည်းကပ်ဖို့လိုပြီး ​စိတ်ခံစားမှုတွေ၊ ​၀ါဒဖြန့်ချီမှုတွေနဲ့ ​လုပ်ဆောင်မယ်ဆိုရင် ​ပြဿနာဖြေရှင်းတဲ့ ​နေရာမှာ ​အခက်အခဲတွေရှိလာနိုင် ​တယ်လို့ ​ဆိုပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ​အစိုးရရဲ့ ​အစီရင်ခံစာထဲမှာ ​ဒေသထဲမှာ ​စစ်သားနဲ့ရဲတပ်ဖွဲ့တွေအနေနဲ့ ​ဥပဒေချိုးဖောက်မှုတွေရှိတယ်ဆိုရင် ​ထိုက်တန်တဲ့ ​ပစ်ဒဏ်ပေးဖို့လိုသလို ​နောက်ထပ် ​အကြမ်းဖက်မှုတွေမဖြစ်အောင် ​ထိန်းသိမ်းနိုင်ဖို့အတွက်အတွက်လည်း ​လုံခြုံရေးအင်အား ​နှစ်ဆတိုးမြှင့်ချထားဖို့လိုတယ်လို့လည်း ​ပါရှိတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထား ​ပါတယ်။

No comments: