Saturday, April 27, 2013

မော်လမြိုင်တွင် ရဲကို ဝိုင်းရိုက်သူများအား ဖမ်းဆီးစစ်ဆေးနေ

ကျော်ခ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာစုအနီးတွင် သင်္ကြန်ကာလက ရဲအရာရှိတဦးကို အုပ်စုလိုက် ထိုးကြိတ် ရိုက်နှက်ခဲ့သည့် လူငယ်များထဲမှ တချို့အား ဖမ်းဆီးရမိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

သင်္ကြန်အကြတ်နေ့က ရိုးဂိုးကျေးရွာစု အတာသင်္ကြန်မဏ္ဍပ်ရှေ့တွင် ရေကစားနေကြသော လူငယ်တစု ကိုင်ဆောင်လာသည့် အလံအား လုံခြုံရေးယူပေးနေသော ရဲဝန်ထမ်းများက ယူဆောင်မသွားရန် တားမြစ်သိမ်းဆည်းရာမှ ရဲအရာရှိတဦးအား လူငယ်များက ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အကုန်လုံး မမိသေးဘူး၊ အခု လောလောဆယ်တော့ ၃-၄ ယောက် မိထားပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းမှုတွေတော့ လုပ်နေပါတယ်။ ပြီးရင်တော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးသန့်က ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း ရဲအရာရှိထံမှ ပျောက်ဆုံးသွားခဲ့သော ခြောက်လုံးပြူး သေနတ်တလက်လည်း ပြန်လည်ရရှိ သကဲ့သို့ ဒဏ်ရာရရှိသူ ရဲဝန်ထမ်းမှာလည်း သက်သာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဧရာဝတီသို့ ပြောဆိုသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသကဲ့သို့ လွတ်မြောက်နေသူများကိုလည်း ဆက်လက် ဖော်ထုတ်ရန် ရဲတပ်ဖွဲ့အနေဖြင့် ကြိုးစားနေကြောင်း၊ အခင်းဖြစ်ပွားစဉ်တွင် ရဲဝန်ထမ်းကို ဝိုင်းဝန်းထိုးကြိတ်သူများမှာ ၁၀ ဦးထက်မက ရှိသော်လည်း ကျန်လူများကို စုံစမ်းဖော်ထုတ်ရာတွင် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

“သူတို့တွေကတော့ ကျိုက်မရောက အဖွဲ့တွေပါ။ ပါလာတဲ့လူတွေ အကုန်လုံး အဖြေထုတ်လို့ မရသေးတာ ဝိုင်းထိုးတဲ့လူတွေက သူတို့အချင်းချင်းတောင် မသိတဲ့လူတွေပါတယ်၊ အဲဒါကြောင့်” ဟု ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

အခင်းဖြစ်ပွားစဉ်တွင် သင်္ကြန်ရေကစားရန် လည်ပတ်သည့် လူငယ်တစုက မွန်အမျိုးသား အလံကို ကိုင်ဆောင်လာကြောင်း၊ ယင်းအလံကို ကိုင်ဆောင်၍ မလည်ပတ်ရန် ရဲဝန်ထမ်းမှ တားမြစ်ပြီး ဆုတ်ဖြဲခဲ့ရာမှ အဆိုပါ လူငယ်တစုက မကျေမနပ်ဖြစ်ကာ ရဲဝန်ထမ်းအား ဝိုင်းဝန်း ထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း မော်လမြိုင်ဒေသခံများက ဆိုသည်။

“ဒီမှာကတော့ သင်္ကြန်ကို ၅ ရက်လုံး ကစားတယ်။ အကြိုနေ့ကနေပြီး နှစ်ဆန်း ၁ ရက်နေ့အထိ ရှိတယ်။ အဲဒီနေ့မှာ ရိုးဂိုး ဘုရားပွဲ လာကြတယ်။ ဘုရားပွဲကို အရင်နှစ်တွေကလို မွန်အမျိုးသား အလံထူပြီး လာတာပေါ့။ အဲဒီမှာ ရဲက မကိုင်ရဘူးဆိုပြီး ဆုတ်ဖြဲလိုက်လို့ အခုလို ဖြစ်သွားတာ။ သိမ်းဆည်းရုံသက်သက်ဆိုရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး၊ တာဝန်ကျ ရဲကိုယ်တိုင်က မူးနေလားဆိုတာတော့ မပြောတတ်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူငယ်များမှာ ကျိုက်မရော ဒေသခံများဖြစ်ပြီး သင်္ကြန်ကာလတွင် စုဖွဲ့လည်ပတ်ကြသည့် သာမန် အရပ်သားများဖြစ်ကြောင်း၊ အဆိုပါ လူငယ်စုများထဲမှ တချို့မှာ ယခုအခါ ရဲတပ်ဖွဲ့ဝင်များ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် ထွက်ပြေးပုန်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမီဒီယာသို့ အသေးစိတ် အချက်အလက်များ ပြောဆိုလိုခြင်း မရှိသေးသော်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီး မျိုးသန့်က ပြောသည်။

သင်္ကြန်အကျနေ့က ပဲခူးတိုင်း၊ ပြည်မြို့နယ် ဝက်ထီးကန် ကျေးရွာစု၌ ရေကစားနေသော အသက် ၈ နှစ်နှင့် ၇ နှစ် အရွယ် ကလေး ၂ ဦးအား ရဲဝန်ထမ်းတဦး မောင်းနှင်လာသော တီအီးကားနှင့် တိုက်မိပြီး နေရာတွင်ပင် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ရဲဝန်ထမ်းအား လူသေမှု၊ ယဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒု ရဲမှူးကြီး မင်းအောင်က ပြောသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလ နိုင်ငံတဝန်းလုံးတွင် အကြိုနေ့မှ အတက်နေ့အထိ ၄ ရက်အတွင်း အမှု စုစုပေါင်း ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး ၂၆ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာနက သတင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားချက်အရ မှုခင်းဖြစ်ပွားမှု၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အများဆုံးမှာ သင်္ကြန် အတက်နေ့တွင် အများဆုံး ဖြစ်ကြောင်း သိရပြီး လူသေဆုံးမှုမှာ ယာဉ်တိုက်ကြောင့် ၁၁ ဦး၊ သေမှုသေခင်းများတွင် ၁၂ ဦးနှင့် လူသတ်မှုကြောင့် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။

No comments: