Sunday, May 26, 2013

သီလဝါစီးပွားရေးဇုန်အတွက် မြန်မာနှင့် ဂျပန်ကုမ္ပဏီများ MOU ထိုး

သိင်္ဂီထွန်း

မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သီလဝါ အထူးစီးပွားရေးဇုံ စီမံကိန်းအတွက် မြန်မာနိုင်ငံမှ ကုမ္ပဏီ ကိုးခုပါဝင်သော အများပိုင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီသုံးခုပါဝင်သော အများပိုင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းရန် နားလည်မှုစာချွန်လွှာ (MOU) ထိုးပွဲကို တက်ရောက်ခဲ့သည်။

မြန်မာအများပိုင်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ မာရူဘီနီနှင့် ဆူမီတိုမိုကော်ပိုရေးရှင်း တို့နှင့် မေလ ၂၅ရက် နံနက် ၁၁နာရီက သန်လျင်မြို့ သီလဝါ အထူးစီးပွားရေးဇုံ အနီးရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း(MITT)တွင် MOU ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက သီလဝါစီမံကိန်းသည် မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား အလုပ်အကိုင် အခွင့်အလမ်းပွင့်လင်းစေမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ဆိုသည်။

"ဒီစီမံကိန်းကြီး အောင်မြင်ရေးအတွက်ကို အပြည့်အဝ ကျိုးစားဆောင်ရွက် အားထုတ်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားလိုပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ အများပြည်သူများနဲ့ ရင်းနှီးမြှုပ်နှံသူ အများပြည်သူများရော အင်မတန်မှ ပြည့်ဝဖွံ့ဖြိုးတိုးတက်မှုဖြစ်အောင် ဆောင်ရွက်မယ်ဖို့ ဒီနေရာမှာ ကတိပြုပြောကြား လိုပါတယ်" ဟု မြန်မာအများပိုင်ကုမ္ပဏီများကိုယ်စား လက်မှတ်ရေးထိုးခဲ့တဲ့ UMFCCI (မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ်) ဥက္ကဌ ဦးဝင်းအောင်က ပြောကြားခဲ့သည်။

အထူးစီးပွားရေးဇုံစီမံကိန်း အကျိုးတူပူးပေါင်းရန် လက်မှတ်ထိုးခဲ့သော ဂျပန်ကုမ္ပဏီသုံးခုသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း ဆိုင်ရာ
ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်ကြသော လုပ်ငန်းစုများ ဖြစ်သည်။

သီလဝါအထူးစီးပွာရေးဇုံစီမံကိန်းသည် အောင်မြင်စေသည့်အဓိကအချက်မှာ မြန်မာနှင့် ဂျပန် အစိုးရနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး ပိုမိုအောင်မြင်စေရန် ဂျပန်နိုင်ငံဘက်မှ Human Resource
Development (လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး)နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းရန် လုပ်ဆောင်မှုများ လုပ်ဆောင်မည်ဆိုပါက ပိုမိုအောင်မည်မှုရစေမည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုံ ဖော်ဆောင်ရေးကော်မတီဥက္ကဌ ၊ အမျိုးသားစီမံကိန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က ပြောသည်။

ဂျပန်နိုင်ငံ မစ်ဆူဘီရှီကော်ပိုရေးရှင်းမှ CEOက "သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု (EIA- Environmental Impact Assessment) ကို ကောင်းတဲ့ရလာဒ် စောစောစီးစီးရရှိအောင် ကျွန်တော်တို့ ဘက်က အားထုတ်သွားပါမယ်"ဟု ကတိပြုခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းအတွက် EIA စမ်းစစ်မှုများအား Resource and Environment Myanmar မှ ယခုနှစ် မတ်လ၂၉ရက်မှစတင်ကောက်ယူခဲ့သည်။ EIA စစ်တမ်းကောက်ခံမှုကို လာမည့် သြဂုတ်လတွင် အပြီးသတ်ဆောင်ရွက်မည် ဦးဆက်အောင်ကပြောသည်။

ထိုစီမံကိန်းတွင် ဂျပန်မှ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်နှင့် အခြေခံအဆောက်အအုံနှင့်ဆိုင်သော လုပ်ငန်းများ ရင်းနှီးမြှပ်နှံမည်ဖြစ်ကြောင်း ထိုနေ့တွင်ပင် UMFCCI တွင်ပြုလုပ်သော ဂျပန်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဂျပန်နိုင်ငံ မစ်ဆူဘီရှီကော်ပိုရေးရှင်းမှ CEOက ပြောကြားခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လျှပ်စစ်မီးရရှိရေး၊ ငွေကြေးဆိုင်ရာနဲ့ ပညာရေး ကဏ္ဍများတွင် ကူညီမည်ဖြစ်ကြောင်း ပြောသည်။

၃၆နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည်မေလ ၄ရက် ညတွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ၂၅ရက်နံနက်တွင် အာဇာနည်ဗိမာန်သို့သွားရောက်ခဲ့ကာ နံနက် ၁၁နာရီတွင် သီလဝါစီမံကိန်းသို့သွားရောက်ခဲ့ရာ MOU ထိုးပွဲတက်ရောက်ပြီး သီလဝါဆိပ်ကမ်းအား သွားရောက်လေ့လာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သည် မွန်းလွဲ ၂နာရီတွင် UMFCCIရှိ ဂျပန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ညနေ ၄နာရီတွင်ချက်ထရီယံ ဟိုတယ်၌ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ဂျပန်စစ်သင်္ချီင်းကိုလည်းသွားရောက်မည်ဖြစ်သည်။

ထို့အပြင် မေလ ၂၅ရက်နေ့တွင် နေပြည်တော်သို့သွားရောက်မည်ဖြစ်ကာ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံပြီး ဂျပန်-မြန်မာနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံသို့ထောက်ပံ့ရေး အစီအစဉ်များ အပြင် ကြွေးမြီလျော်ရေး ကိစ္စများအားဆွေးနွေးရန်ရှိပြီး မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အားထောက်ပံ့မည် ဖြစ်ကြောင်း Aljazeera ဌာနတွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်လုပ်ငန်းရှင် ၃၀ ကျော်နှင့်အတူ လာရောက်ဖြစ်ပြီး မြန်မာနိုင်ငံ၌ မေလ ၂၄ရက်မှ ၂၆ရက်အထိ သုံးရက်ကြာနေထိုင်မည်ဖြစ်သည်။

No comments: