Monday, May 27, 2013

ရိုဟင်ဂျာတွေ ကလေး ၂ယောက်ထက် မယူရ ဥပဒေ ကျင့်သုံးတော့မယ်

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်က ​ရိုဟင်ဂျာမိသားစုတွေအနေနဲ့ ​တစ်မိသားစုမှာ ​ကလေး ​၂ ​ယောက်ထက်ပိုမမွေးဖို့ ​တားမြစ်ချက်ဟာ ​စပြီးအသက်ဝင်တော့မှာဖြစ်တယ်လို့ ​ဒေသခံအာဏာပိုင်တွေက ​အတည်ပြုလိုက်ကြောင်း ​သိရပါတယ်။

အဆိုပါကန့်သတ်ချက်ကို ​ရခိုင်ပြည်နယ်က ​မြို့နယ်နှစ်ခုမှာ ​စပြီးကျင့်သုံးနေပြီဖြစ်ကြောင်း ​ ရခိုင်ပြည်နယ်အစိုးရအရာရှိ ​ဦးဝင်းမြိုင်ကပြောတယ်လို့ ​AFP ​သတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ ​မိသားစုတစ်စုမှာ ​ကလေး ​၂ ​ယောက်သာမွေးဖို့ကန့်သတ်ချက်ဟာ ​စစ်အစိုးရလက်ထက်ကတည်းက ​ချမှတ်ဖို့ ​စီစဉ်ခဲ့တဲ့ ​ကန့်သတ်ချက်ဖြစ်ပြီး ​ဒေသအတွင်းက ​လူမှုအသိုင်းအဝိုင်းတွေအကြား ​ပဋိပက္ခဖြစ်ပွားမှာစိုးရိမ်တဲ့အတွက် ​အရင်က ​အကောင်အထည် ​မဖေါ်ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဧပြီလကထွက်ပေါ်ခဲ့တဲ့ ​အထူးကော်မရှင်အစီရင်ခံစာမှာ ​ရိုဟင်ဂျာမိသားစုတွေမှာ ​ကလေးမွေးဖွားမှုနှုန်း ​များလွန်းနေတဲ့အတွက် ​မိသားစုစီမံကိန်းရှိဖို့လိုကြောင်း ​အကြံပေးထားခဲ့ပါတယ်။ ​ရိုဟင်ဂျာဦးရေတိုးတက်မှုမြင့်တာဟာ ​ဒေသခံရခိုင်တွေနဲ့ ​ရိုဟင်ဂျာတွေအကြား ​တင်းမာမှုတွေဖြစ်လာစေခဲ့ကြောင်း ​သုံးသပ်ထားပြီး ​လတ်တလောအခြေအနေမှာ ​ရခိုင်တွေနဲ့ ​ရိုဟင်ဂျာတွေကို ​ခွဲခြားထားဖို့လည်း ​အကြံပေးထားပါတယ်။

ရိုဟင်ဂျာအများစုဖြစ်တဲ့ ​နေရာတွေမှာ ​မိသားစုတစ်ခုမှာ ​ကလေး ​၂ ​ယောက်ထက်ပိုမယူရတဲ့ ​ကန့်သက်ချက်ကို ​စပြီးအကောင်အထည်ဖေါ်ဖို့ ​တာဝန်ရှိသူတွေက ​ကြိုစားနေကြပြီဆိုပေမယ့် ​ကန့်သက်ချက်ကို ​ဘယ်လိုဘယ်နည်းနဲ့ ​အကောင်အထည်ဖေါ်မယ်ဆိုတာကိုတော့ ​အတိအကျမဖေါ်ပြထားသေးကြောင်းလည်း ​သိရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး ​Human ​Rights ​Watch ​အဖွဲ့က ​အာရှဆိုင်ရာအရာရှိ ​Phil ​Robertson ​ကတော့ ​အခုလိုကန့်သတ်တာဟာ ​အလွန်အမင်း ​စော်ကားရက်စက်တာဖြစ်ပြီး၊ ​ဒါဟာ ​လမ်းမှားဖက်ကို ​လုံးဝဦးတည်နေတာဖြစ်တယ်လို့ ​ပြောလိုက်ကြောင်းလည်း ​သိရပါတယ်။

No comments: