Sunday, May 26, 2013

မြေပုံ၊ ကမ်းထောင်းကြီးရွာတွင် လူတစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာ တာတမံ လမ်းမပေါ်တွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသူ တစ်ဦး၏ အလောင်း တစ်လောင်းကို ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၇ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

“ တွေ့တာက မနေ့က ညနေ ၇ နာရီလောက်မှာ တာတမံ လမ်းမပေါ်မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ပါ တယ်။ အဲဒီအလောင်းမှာ လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေနေတာ ဖြစ်ပါတယ်။ အလောင်းကို ရဲစခန်းကို အ ကြောင်းကြားပြီး ကမ်းထောင်းကြီးဆေးရုံကို ယူသွားပါတယ်” ဟု မျက်မြင် ကမ်းထောင်းကြီး ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

သေဆုံးသွားသူမှာ မြေပုံမြို့နယ် သရက်တောင်ကျေးရွာမှ အဖ ဦးမောင်ထွေးဖြူ နှင့် အမိ ဒေါ်မြစူမတို့၏သား အသက် ၃၆ နှစ်အရွယ် ဦးမဲတုတ်ဆိုသူဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်ပြီး မည်သူမည်ဝါ သတ်ဖြတ်သွားသည်ကို အတိအကျ မသိရသေးသော်လည်း ၎င်းလူ သေ မှုနှင့် ပတ်သက်ပြီး ကမ်းထောင်းကြီး ရဲစခန်းမှ လိုက်လံ စုံစမ်းနေသည်ဟု သူက ဆက်ပြောသည်။

“ လူသေ အလောင်းကို လမ်းမပေါ်မှ ညနေ ၇ နာရီလောက်မှာ တွေ့ပါတယ်။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အခုအချိန်ထိ မသိရသေးဘူး။ ဒါကြောင့် ရဲစခန်းမှူးနဲ့ အဖွဲ့ဟာ အဲဒီ အလောင်းရရှိတဲ့ တာတမံဘောင် အနီးအနားမှာ နေတဲ့သူတွေကို အခု စစ်ဆေးနေပါတယ်” ဟု ဆိုသည်။

ယခုအမှုနဲ့ ပတ်သက်ပြီး ကမ်းထောင်းကြီး ရဲစခန်းမှူး ဦးသန်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းနေကြောင်း ရဲသား တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

ယခုကဲသို့ လမ်းမပေါ်တွင် ဓါးဖြင့် ခုတ်သတ်ပြီး အလောင်းကို လွှင့်ပစ်ထားခြင်းသည် အဆိုပါ ကျေးရွာတွင် ယခင်က တစ်ကြိမ်တခါမှ မကြုံတွေ့ဖူးသဖြင့် အနီးအနားရှိ ပြည်သူများမှာ အလွန် စိုးရိမ်ကြောက်လန့် နေကြသည် ဟု ဒေသခံတဦးက ပြောသည်။

“ ကျွန်တော်တို့ ဒီမှာ နေလာတာ ကြာပါပြီ၊ အခုလို လူသတ်ပြီး အလောင်းကို လမ်းမပေါ်မှာ ပစ်ထားခဲ့တာ တခါမှ မရှိခဲ့ဘူး။ အခု အလောင်းက ဘယ်သူဘယ်ဝါ လာသတ်ပြီးတော့ ထားခဲ့တယ်။ ဘယ်က လူတွေက ခုလို ပစ်ထားခဲ့တယ်ဆို အတိအကျ မဖေါ်ထုတ်နိုင်ဘူးဆိုရင် နောက်နောင် ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်လာ မှာကို ကျွန်တော်တို့ အထူးစိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူ ဦးမဲတုတ်၏ အလောင်းကို ကမ်းထောင်းကြီးဆေးရုံတွင် စစ်ဆေးပြီး ယနေ့တွင် မြေမြှုပ် သဂြိုလ်မည်ဟု သိရသည်။

No comments: