Thursday, June 6, 2013

မလေးရှားရောက် မြန်မာများ သံရုံးရှေ့ ဆန္ဒပြရန် အစီအစဉ် ရဲနှင့် ညှိနှိုင်းရ

ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၃

ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ရှေ့၌ ဇွန်လ ၆ ရက်နေ့တွင် ဆန္ဒပြမည့် အစီအစဉ်အား မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ် လုံခြုံရေးနှင့် ဆူပူမှု ထိန်းသိမ်းနိုင်ရေးအတွက် မလေးရှား ရဲမှ လူ ၅ ဦးသာ ဆန္ဒပြခွင့် ပြုကြောင်းဆန္ဒပြပွဲ စီစဉ်သူ ကိုအောင်ကြီး က မဇ္ဈိမကို ပြောသည်။

“ပူးတူး ရဲစခန်းက ကျနော်တို့ကို ၅ ယောက်ပဲ ခွင့်ပြုပါတယ်။ သူတို့နိုင်ငံ ဥပဒေ အရပေါ့။ သူတို့လည်း ကျနော်တို့ကိုတောင်းပန် ရှာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ပြသနာတွေ တက်နေတာ ဆိုတော့ ကျနော်တို့ အသက် အန္တရာယ် စိုးရိမ်တဲ့အတွက်ပါ” ဟု မလေး အထွေထွေ သပိတ် ကော်မတီ (၈၈) မှ ကိုအောင်ကြီး က ပြောသည်။

မူလက လူ ၃၀၀ ကျော် ဆန္ဒပြရန် စီစဉ် ထားခဲ့ခြင်းဖြစ်သည်။

တောင်းဆိုချက်များတွင် မြန်မာ သံအမတ် ဦးတင်လှ နုတ်ထွက် ပေးရေး၊ မလေးရှားတွင် မြန်မာများ အကြမ်းဖက် ခံရမှုကိစ္စအား သတင်းအမှား ပြောကြားခဲ့သော ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် တောင်းပန်ပေးရေး၊ အကြမ်းဖက် မှုကြောင့် ဒုက္ခရောက်နေသူများအား ကူညီစောင့်ရှောက် ပေးရေး ဟူသည့် အချက် ၃ ချက် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ဇွန်လ ၂ ရက်နေ့မှ စ၍ သုံးရက်တာ ဖြစ်ပွားခဲ့သည့် အုပ်စုဖြင့် အကြမ်းဖက်မှုများကြောင့် မြန်မာ ၇ ဦးခန့် အသက်ဆုံးရှုံးခဲ့ရပြီး ၈ ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိကာ အခြား ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကွာလာလမ်ပူမြို့နေ ကိုအောင်ကြီး က ဆက်ပြောသည်။

“ဒဏ်ရာ ပြင်းထန်တာက တော်တော် ဆိုးတယ်။ အသက် အန္တရာယ် မရှိလောက်တဲ့ ခေါင်းကွဲတဲ့၊ ကျိုးပဲ့တဲ့ လူတွေကတော့ ကပုန်း ဘုန်းကြီးကျောင်းကို ပို့ထားတာလည်း ရှိပါတယ်။ အဲဒါတွေက ၇ ယောက်လောက် ရှိတယ်။ မသက်သာသေးလို့ အပြင်ဆေးခန်း ပြနေရတဲ့ လူတွေလည်း ရှိပါတယ်” ဟု မဇ္ဈိမအား ဆက်ပြောသည်။

စာရင်းများမှာ ၎င်းတို့ လက်လှမ်း မီသမျှ ပြုစုထားခြင်း ဖြစ်ပြီး အမှန်တကယ် ကိန်းဂဏန်းများ ထိုအရေအတွက် ထက် များနိုင်ဖွယ်ရှိကြောင်းလည်း ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ပြုစုနေသည့် မလေး အထွေထွေ သပိတ် ကော်မတီ (၈၈) မှ အဖွဲ့ဝင် နှစ်ဦးလည်း ယနေ့ မလေးရှား ရဲများ၏ပြုနေကျ ရှောင်တခင် စစ်ဆေး ဖမ်းဆီးမှုတွင် အဖမ်းခံ ထားရ၍ ပြန်မထုတ်ရသေးကြောင်း ဆိုသည်။

သို့သော် ဆလာရန်းမြို့အနီးတွင် လူတစု၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မြန်မာတဦး သေဆုံးပြီးနှစ်ဦးမှာ ဆေးရုံတင်ထားရကြောင်း သံအမတ်ကြီး ဦးတင်လတ်နှင့် အင်တာဗျူးကို နိုင်ငံပိုင်ရုပ်သံမှ ဇွန်လ ၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။

မြန်မာ နိုင်ငံသားများ အတိုက်အခိုက်ခံရသည့် နောက်ပိုင်း သံအမတ်နှင့် စစ်သံမှူး တို့အား မလေး အထွေထွေ သပိတ် ကော်မတီ (၈၈)မှ တွေ့ဆုံခွင့် ပေးရန် စာရေးတောင်းဆိုခဲ့သော်လည်း စာတွင် ရိုင်းစိုင်းသည့် စာလုံး အသုံးအနှုန်းများကြောင့် တွေ့ဆုံခွင့် မပြုနိုင်ကြောင်း အကြောင်းပြန်လာသည်ဟု ကိုအောင်ကြီး က ဆိုသည်။

အင်အား ရာကျော် ရှိသော မလေးရှား ရဲ၊ လဝက၊ ပြည်သူ့စစ်များ ပါဝင်သည့် အထူး စီမံချက် တရပ် ပြုလုပ်ကာမြန်မာနိုင်ငံသားဟု ယူဆရသူများအား စစ်ဆေးဖမ်းစီးမှုကို ယနေ့ နံနက် စတင် ပြုလုပ်ခဲ့သည်ဟုလည်း မလေးရှား နိုင်ငံရောက် အမည်မဖော် လိုသည့် မျက်မြင် မြန်မာ သတင်း ဘလော့ဂါ တဦး ပြောသည်။

“ဒီနေ့မှ စဖမ်းတာ၊ အချုပ်ကား ၄ စီးလောက် အပြည့်ပဲ။ အနည်းဆုံးတော့ ၅၀ ကျော်နဲ့ ၈၀ လောက် ရှိနိုင်မယ်။ အခုအချိန်မှာ ပတ်စပိုစ့် ရှိရှိ မရှိရှိ အကုန် ဖမ်းတယ်။ ကျနော်တို့ မလေးနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသား အများစုက လက်ထဲမှာ ပတ်စ်ပိုစ့် မရှိဘူး။ သူဌေးက သိမ်းထားတာ များတယ်။ အလုပ်သမားတွေမှာက ပတ်စပိုစ့် ကာလာ မိတ္တူလေးပဲ ရှိတယ်။ ရှိကြောင်း မှန်တယ်ဆိုရင် သူဌေးကို ဖုန်းဆက်ပြီး ပြန်ရွေးခိုင်းရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့ အဖမ်း အဆီး ခံရသည့် မြန်မာ နိုင်ငံသားများ ထဲမှ တရားဝင် အထောက် အထား မရှိသည့် သူများအား မလေးရှား နိုင်ငံ ဥပဒေ အရ ထောင်ဒဏ် (၃) လ ချမှတ် ခံရမည် ဖြစ်ကာ ၎င်းနောက် တရားမဝင် ဝင်ရောက် လာသည့် နိုင်ငံခြားသားများအား ထိန်းသိမ်းရေး စခန်းသို့ အသီးသီး ပို့ဆောင်ကာ သက်ဆိုင်ရာ သံရုံး များသို့ ဆက်သွယ်၍ ပြန်လည် ပို့ဆောင်မည် ဖြစ်သည်။

ကွာလာလမ်ပူရှိ ကပုန်း ဘုန်းကြီးကျောင်း၌ အနည်းဆုံး မြန်မာ နိုင်ငံသား တစ်ရာခန့် ခိုလှုံလျက် ရှိနေကြောင်း ၄င်းမှ ဆက်ပြောသည်။

ဇွန်လ ၄ ရက်နေ့ကလည်း မြန်မာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးဇင်ယော် က မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှား သံအမတ် မစ္စတာ အာမတ်ဖိုင်ဆဲလ် ဘင် မိုဟာမက်အား မြန်မာနိုင်ငံသားများအား တိုက်ခိုက်ခံခဲ့ရပြီး အသက် ဆုံးရှူံးမှနှင့် ထိခိုက် ဒဏ်ရာ ရရှိခြင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူပြီး သတိပေးခဲ့သည်။

လက်ရှိ၌ မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသားများသည် အကြမ်းဖက်မှုနှင့် ဖမ်းဆီးမှုများ အန္တရာယ်ကြောင့် အိမ်ခန်းတွင်း၌ တံခါးပိတ် နေကြခြင်း၊ ဆူပူမှု လျော့ပါးသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊ မြန်မာ ဘုန်းကြီးကျောင်း များ၌ ပြောင်းရွှေ့ နေထိုင်ခြင်းများ ရှိနေသည်။

No comments: