ABC
မလေးရှားနိုင်ငံက မြန်မာလူမျိုးတွေအသတ်ခံရတာဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ အစ္စလမ်ဘာသာ မွတ်စလင်လူမျိုးတွေကြားက ပဋိပက္ခတွေကနေ ကူးစက်လာတာဖြစ်နိုင်တယ်လို့ မလေးရှားရဲတွေက ဆိုပါတယ်။
မကြာသေးခင်ရက်ပိုင်းတွေက အသတ်ခံရတဲ့ မြန်မာလူမျိုး ၄ဦးဟာ ဘာသာရေးအခြေအနေတင်းမာမှုတွေနဲ့ ဆက်နွယ်နိုင်တယ်လို့ ရဲတွေက ယူဆနေကြပါတယ်။
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူက ကားရေဆေးတဲ့နေရာခုက အသက်သေတဲ့အထိ ဓါးနဲ့အလှီးခံရတဲ့ မြန်မာအမျိုးသားတစ်ဦး အပါအ၀င် အသတ်ခံရတဲ့ မြန်မာတွေအားလုံးဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ်လို့ ကွာလာလမ်ပူမြို့ ဒု-ရဲချုပ်ကပြောပါတယ်။
သူတို့ရရှိတဲ့ ထင်မြင်ချက်တွေမှာတော့ အခုကိစ္စဟာ မြန်မာဗုဒ္ဓဘာသာနဲ့ မွတ်စလင်လူမျိုးတွေကြားက ပဋိပက္ခဟာ ကွာလာလမ်ပူအထိ ကူးစက်လာတာဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာဆိုရင် မွတ်စလင်လူမျိုးတွေက ဓါးစာခံဖြစ်နေရပြီးတော့ ကွာလာလမ်ပူမှာဆိုရင် ဗုဒ္ဓဘာသာတွေက ဓါးစာခံဖြစ်နေရတယ်လို့ ဒု-ရဲချုပ်ကပြောပါတယ်။
ဒု-ရဲချုပ်ရဲ့အဆိုအရ ကွာလာလမ်ပူမြို့မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့ အထူးလုံခြုံရေးတပ်ဖွဲ့တွေကို တာဝန်ပေး ချထားပြီးတော့ အခြေအနေတင်းမာမှုကို ထိမ်းချုပ်နိုင်ဖို့အတွက် အခု မြန်မာအလုပ်သမား အယောက် ခြောက်ဆယ်ကို ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
ကားရေဆေးတဲ့နေရာမှာ အသတ်ခံရတဲ့ အသက် နှစ်ဆယ်ဝန်းကျင်ရှိမြန်မာလူမျိုးဟာ ကားပေါ်မှာ အိပ်ပျော်နေတာဖြစ်ပြီး သူအိပ်နေတဲ့အချိန်မှာ လူဆယ်ယောက်ပါ အဖွဲ့တဖွဲ့ကနေလာပြီး တိုက်ခိုက် သတ်ဖြတ်တာဖြစ်တယ်လို့ မလေးရှားနိုင်ငံ အစိုးရသတင်းဌာနဖြစ်တဲ့ Bernama သတင်းမှာ ဖော်ပြထားပါတယ်။ တခြားအသတ်ခံရသူတွေရဲ့အကြောင်းအသေးစိတ်ကိုတော့ ရဲတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့ မွတ်စလင်လူမျိုးတွေကြားက ပဋိပက္ခဟာ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်အတွင်းမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အရှေ့မြောက်ဖက်ပိုင်းနဲ့ ရန်ကုန်မြို့အနီးတ၀ိုက်တွေအထိ ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။
ခန့်မှန်းချေအရ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဦးရေလေးသိန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။

No comments:
Post a Comment