ဂျွန်ချစ်ငြိမ်း | သောကြာနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖော်ဆောင်နေသည့် အင်းလေးဟိုတယ်ဇုန် ဧရိယာအတွင်း သီးနှံလျော်ကြေး သုံးနှစ်စာ လက်မခံသည့် အင်ကြင်းကုန်း၊ ကံပဲ့ ကျေးရွာသားများနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းထွန်းတို့ ဇွန်လ ၁၃ ရက်တွင် တောင်ကြီးမြို့တွင် တွေ့ဆုံပြီး လျော်ကြေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် တောင်ကြီးမြို့ စိန်ပန်းရပ်ရှိ လောကမာန်အောင် ဘုန်းကြီးကျောင်းတွင် တွေ့ဆုံပြီး ယင်းဟိုတယ်ဇုန် စီမံကိန်းဧရိယာအတွင်း လယ်မြေဧက၊ ထင်းခြံများပါဝင်သွားကာ ဟိုတယ်ဇုန်ဧရိယာမှာ ဧက စုစုပေါင်း ၆၂၂ ဧက ဖြစ်သည်။
ယင်းသို့ ညှိနှိုင်းပေးရာတွင် လျော်ကြေးအတွက် သိန်း ၅ဝဝဝ ခန့် ထပ်မံတောင်းဆိုပေးမည်ဟုလည်း ရဲမှူးကပြောသည်။
ယင်းဧရိယာအတွက် လျော်ကြေးမယူသောရွာသား ၁၈ ဦး ရှိသည်။ လယ်မြေဧကအားဖြင့် ၇ ဧကနှင့် ထင်းခြံဧက ၃ဝဝ ကျော် လျော်ကြေးမယူဘဲ ရှိသေးသည်ဟုလည်း ရွာသားများထံမှ သိရသည်။
ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းထွန်းက ''ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံကိုလည်း ထပ်ပြီး သီးနှံလျော်ကြေး မယူသေးတဲ့ သူတွေနဲ့ ထင်းခြံစိုက်ခင်းများ ပါဝင်နေသူများ အဆင်ပြေစေရန် သိန်း၅ဝဝဝ ခန့် ထပ်ပြီး
တောင်းဆိုပေးပါ့မယ်။ ပြီးရင်လည်း ခင်ဗျားတို့ ကျေးရွာသားတွေနဲ့ အဆင်ပြေ ပြေလည်မှုရရှိသွားရင် ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ရွာအဝင် ၁၈ ပေလမ်း ဖြစ်ပေါ်လာရေးတို့ကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး အစိုးရအဖွဲ့ကို တင်ပြပေးပါ့မယ်'' ဟု ပြောသည်။
ကံပဲ့ ကျေးရွာသူ မဖြူဝင်းက ''ကျွန်မတို့အနေနဲ့တော့ လယ်မြေတစ်ဧက လျော်ကြေး သိန်း ၆ဝဝ ခြံမြေ တစ်ဧက လျော်ကြေး သိန်း ၄ဝဝ နဲ့ ထင်းခြံတစ်ဧက လျော်ကြေးသိန်း ၁၅ဝ လောက် တောင်းဆိုချင်ပါတယ်၊ ပြီးတော့လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ညိနှိုင်းလို့ အဆင်ပြေခဲ့ရင် ဒေသတွင်းမှာ မော်တော်စက်လှေထောင်ခွင့်၊ ကုန်းလမ်းဆိုရင် ကားလိုင်းထောင်ခွင့်၊ ဈေးရောင်းချခွင့် အစရှိတာတွေကို ကံပဲ့ကျေးရွာနဲ့ အင်ကြင်းကုန်းကျေးရွာသားတွေကို ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ကျွန်မတို့ ဒေသခံနှစ်ရွာလုံးကတောင်းဆိုချင်ပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ရေကောင်း၊ ရေသန့် သောက်သုံးရေရရှိအောင်လည်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောသည်။
ပြည်နယ်ရဲတပ်ဖွဲ့မှူးက တောင်းဆိုချက်များကို ပြည်နယ် အစိုးရသို့ တင်ပြပေးမည်ဟု ပြောဆိုပြီး ပြည်နယ် အစိုးရ၏ အဆုံးအဖြစ်ကျပါက ကိုယ်တိုင်လာရောက်ပြီး ယင်းကျေးရွာများသို့ ပြောကြားမည်ဟု ပြောသည်။
တွေ့ဆုံညှိနှိုင်းပွဲသို့ အင်ကြင်းကုန်း၊ ကံပဲ့ကျေးရွာများမှ ကျေးရွာသူ/သား ၃၈ ဦးခန့် လာရောက်ကြသည်။
No comments:
Post a Comment