Friday, June 7, 2013

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၉၀၀ ကို အင်ဂျီအိုအဖွဲ့ကတွေ့နိုင်ဖို့ ကြိုးစား

ABC

မြန်မာနိုင်ငံသား ​ရွှေ့ပြောင်းလုပ်သား ​အယောက် ​၉၀၀ ​ကျော် ​မလေးရှားနိုင်ငံမှာ ​အဖမ်းဆီးခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​မလေးရှားနိုင်ငံက ​အစိုးရမဟုတ်တဲ့ ​အင်ဂျီအိုအဖွဲ့တွေက ​အဖမ်းဆီးခံထားရတဲ့ ​မြန်မာနိုင်ငံသားတွေနဲ့ ​တွေ့ဆုံခွင့်ရဖို့ ​ကြိုးစားနေကြတယ်လို့ ​သိရပါတယ်။

မလေးရှားနိုင်ငံမှာ ​ဗုဒ္ဓဘာသာ ​မြန်မာတွေနဲ့ ​အစ္စလာမ်ဘာသာဝင် ​မြန်မာတွေအကြားတိုက်ခိုက်မှုတွေကြောင့် ​လူသေဆုံးမှုတွေ ​ရှိခဲ့တယ်လို့လည်း ​သိရပါတယ်။ ​ဒါပေမယ့် ​အခုလိုတိုက်ခိုက် ​အကြမ်းဖက်မှုတွေဟာ ​မြန်မာနိုင်ငံသား ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​အစ္စလာမ်ဘာသာဝင်တွေ ​အကြားမှာ ​ဖြစ်တယ်ဆိုပေမယ့်လည်း ​မလေးရှားနိုင်ငံသားတွေ ​ပါဝင်ပတ်သက်နေတယ်လို့လည်း ​လူ့အခွင့်အရေး ​လှုပ်ရှားတဲ့အဖွဲ့တွေက ​စွပ်စွဲထားကြပါတယ်။

မလေးရှားနိုင်ငံမှာ ​နိုင်ငံခြားသား ​လုပ်သားတွေ ​အထူးသဖြင့် ​တရားဝင် ​စာရွက်စာတမ်းမရှိတဲ့ ​ရွှေ့ပြောင်းအလုပ်သမားတွေကို ​ မလေးရှားက ​လူမှုအသိုင်းအဝိုင်းတချို့က ​အဆက်အဆံမပြု ​ရှောင်ရှားကြသလို ​တချို့ကလည်း ​နှိမ့်ချဆက်ဆံကြတယ်လို့ ​ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ​ဘာသာရေး ​အသွင်ဆန်ဆန် ​ပဋိပက္ခတွေ ​ဖြစ်ခဲ့ပြီးနောက်မှာ ​အစ္စလာမ် ​ဘာသာဝင် ​အများအပြားရှိတဲ့ ​နိုင်ငံတွေမှာ ​မြန်မာ ​အလုပ်သမားတွေအပေါ် ​အကြမ်းဖက်မှုတွေ ​တိုးလာတယ်လို့ ​မြန်မာနိုင်ငံက ​နေ့စဉ်ထုတ် ​ပုဂ္ဂလိက ​သတင်းစာဖြစ်တဲ့ ​Daily ​Eleven ​သတင်းစာ ​အယ်ဒီတာ့အာဘော်က ​မနေ့က ​ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို ​စောင့်ရှောက်ကာကွယ်ပေးဖို့ ​မြန်မာအစိုးရက ​မလေးရှားအစိုးရကို ​သံတမန်ရေးအရ ​တောင်းဆိုခဲ့ပေမယ့် ​မလေးရှားအစိုးရကတော့ ​လူသတ်တရားခံတွေကို ​ရှာဖွေရမယ့်အစား ​မြန်မာနိုင်ငံသားတွေကို ​ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ​ကြားသိနေရတဲ့အကြောင်း ​Daily ​Eleven ​သတင်းစာက ​စွပ်စွဲထားပါတယ်။

မလေးရှားနိုင်ငံက ​အခုလိုလုပ်ရပ်တွေဟာ ​အာဆီယံနိုင်ငံ ​၂ ​နိုင်ငံအကြား ​ဆက်ဆံရေးကို ​ပျက်ပြားစေနိုင်တယ်လို့လည်း ​ရေးထားပါတယ်။ ​အခွန်ပြဿနာတွေ ​ဒါမှမဟုတ် ​တခြားပြဿနာတွေကြောင့် ​ပြည်ဝင်ခွင့်ဗီဇာပယ်ဖျက်ခံရတဲ့ ​မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ​နေရပ်ပြန်လာခွင့်ပြုဖို့ ​Daily ​Eleven ​သတင်းစာအနေနဲ့ ​မြန်မာအစိုးရကို ​တိုက်တွန်းလိုက်တယ်လို့လည်း ​ရေးသားထားပါတယ်။ ​စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ​လုပ်သားတွေ ​နေရပ်ပြန်လာနိုင်ဖို့ ​စရိတ်သက်သာတဲ့ ​လေကြောင်းလိုင်းတွေ ​ဖွင့်လစ်ပေးဖို့လည်းတိုက်တွန်းကြောင်း ​ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ​လူမျိုးရေး၊ ​ဘာသာရေး ​အကြမ်းဖက်တိုက်ခိုက်မှုတွေ ​မလေးရှားနိုင်ငံကိုပါ ​ကူးစက်လာတာကို ​မလေးရှားအာဏာပိုင်တွေက ​စိုးရိမ်နေကြတယ်လို့ ​နိုင်ငံတကာ ​သတင်းတွေမှာ ​ဖေါ်ပြထားကြပါတယ်။ ​မလေးရှားရဲတွေနဲ့ ​လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက ​မြန်မာနိုင်ငံသား ​၁ ​ထောင်လောက်ကို ​စီစစ်ဖမ်းဆီးခဲ့တာနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံမှာ ​ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ​မလေးရှားနိုင်ငံထဲကို ​ပြဿနာတွေ ​သယ်မလာကြဖို့ ​မြန်မာနိုင်ငံသားတွေကို ​ရှင်းရှင်းလင်းလင်း ​သတိပေးလိုက်တာပဲဖြစ်တယ်လို့ ​ကွာလာလမ်ပူမြို့တော်ရဲ့ ​လက်ထောက်ရဲချုပ် ​ကပြောတယ်ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။

No comments: