ကိုကိုကြီး၊ တင်ဇာအောင် | ကြာသပတေးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၃
စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်ကာလများအတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးပါတီများမှ ဦးဆောင်သူများအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်ရာတွင် ပါဝင်ခဲ့သူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များအား လက်ခံရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
နေပြည်တော်တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဒုတိယမြောက်နေ့အဖြစ် “Myanmar- What Future” ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။
၎င်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတရုံး ဝန်ကြီး (ယခင်အစိုးရလက်ထက် ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး) ဦးစိုးသိန်းနှင့် အမျိုးသမီးအခွင့်အရေး တက်ကြွ လှုပ်ရှားသူ တဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သူ ဒေါ်ဇင်မာအောင် တို့က ဦးဆောင် ဆွေးနွေးခြင်း ဖြစ်သည်။
“အပြစ် ကျူးလွန်ရာမှာ ပါဝင်တဲ့သူတွေကို ပြစ်ဒဏ်တခုခု ပေးတဲ့နည်းလမ်းကိုတော့ လုပ်မှာ မဟုတ်ဘူး။ အတိတ်ကာလ အမှားအတိုင်း ပြန်လည် မကျူးလွန်မိစေဖို့အတွက် သင်ခန်းစာ ယူဖို့အတွက် ဖြစ်တယ်” ဟု NLD ဥက္ကဋ္ဌက ပြောသည်။
ဒေါ်ဇင်မာအောင် ကလည်း အတိတ်ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် လာမည့် မျိုးဆက်သစ်များအနေနိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်များအားလုံးကို ပကတိ အခြေအနေအတိုင်း သိရှိနားလည်ထားရန် အရေးကြီးသည် ဟု ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။
ယခင် စစ်အစိုးရ လက်ထက် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ဆန္ဒပြပွဲများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်း၊ မတရား ဖမ်းဆီးကာ အကျဉ်းထောင်များထဲတွင် သေသည်အထိ နှိပ်စက်ညှဉ်းပမ်းခြင်း၊ တိုင်းရင်းသား ဒေသများတွင် အဓမ္မပြုကျင့်မှုများ၊ လုယက်သတ်ဖြတ်မှုများ စသဖြင့် မှတ်တမ်းမှတ်ရာများဖြင့် ရှိနေပြီးဖြစ်သည်။
သမ္မတ၏ အတိုင်ပင်ခံ ဦးကိုကိုလှိုင်ကမူ “နောက်ကြောင်းကို ပြန်လည့်ကြည့်ပြီး တယောက်နဲ့ တယောက် ရန်ဖြစ်နေမယ်၊ အပြစ်တင်နေမယ်၊ ရန်ငြိုးးရန်စတွေနဲ့ မခေါ်နိုင်မပြောနိုင် ဖြစ်နေမယ်၊ စည်းလုံးမှု မရှိဖြစ်နေရင်နိုင်ငံက ရှေ့တိုးနိုင်မှာ မဟုတ်ဘူး။ အရေးကြီးတာက ရှေ့ကို တိုးနိုင်ဖို့ လိုနေတာ။ ဝန်ခံချင်တာဖြစ်ဖြစ်၊ မဝန်ခံ တာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေကတော့၊ ဖြစ်ခဲ့တာတွေကတော့ ဖြစ်ခဲ့တာပဲပေါ့။ တယောက်နဲ့တယောက် ရန်ငြိုးတွေ ရန်စတွေ ထားခဲ့ပြီးတော့ တိုင်းပြည်ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာက အရေးကြီးတယ်” ဟု မဇ္စျိမကို ပြောသည်။
အတိုက်အခါပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင်လည်း ၎င်းအနေဖြင့် သမ္မတ ဖြစ်လိုကြောင်း ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်သည်။
“ကျမကို ဒီကိစ္စအကြောင်း ခဏခဏ မေးပါတယ်။ သမ္မတ ဖြစ်ချင်လား ဆိုတာကိုပါ။ ...ကျမ ပြောပါတယ်။ သမ္မတ ဖြစ်ချင်တယ်လို့ ။ သမ္မတ ဖြစ်မှပဲ ကျမတို့ လုပ်ချင်တဲ့ ကိစ္စတွေ လုပ်နိုင်မှာပါ။ ကျမက နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်အနေနဲ့ဆိုရင် ကျမတို့ ပါတီကနေပြီးတော့ ရွေးကောက်ပွဲကနေ တဆင့် နိုင်အောင် လုပ်မယ်။ အဲလို နိုင်ပြီဆိုရင် ခေါင်းဆောင်က နိုင်ငံ့ခေါင်းဆောင် အဖြစ် ရွေးလို့ရပြီ ဆိုတော့ သဘာဝ ကျပါတယ်” ဟု ပြောဆိုသွားသည်။
ထို့ပြင် လက်ရှိ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ ကန့်သတ်ထားခြင်း ခံရဆဲဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရေးကြီးသည့် အချက်တချက် ဖြစ်ပြီး လွယ်ကူသော ကိစ္စ ရပ်မဟုတ်သော်လည်း မဖြစ်နိုင်သည့် ကိစ္စဟု မထင်မြင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပြည်သူလူထု လိုအပ်ချက် နံပါတ်တစ် အဖြစ် အလုပ်အကိုင် ရရှိရေးဖြစ်ပြီး သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များမှာ လူထု အတောင့်တဆုံး အရာများအဖြစ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သတင်းထောက်များကို ပြောဆိုသွားသည်။
No comments:
Post a Comment