ကော့လီ
သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် က ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထောက်ခံအားပေးကြောင်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ယမန်နေ့ မွန်းလွဲပိုင်းက သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ အဖွဲ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သားလမ်းရှိ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတုန်းက အခုလိုပြောလိုက်တာဖြစ်တယ်လို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှ က ကော့လီကို ပြောပြပါတယ်။
RCSS က ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထောက်ခံအားပေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ လိုအပ်တာတွေကိုလည်း သူတတ်နိုင်သလောက် ကူညီပါမယ်လို့လည်း ပြောပါတယ်။ – လို့ ဗိုလ်မှူးကြီး စိုင်းလှ က ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ အပြင်၊ ဖက်ဒရယ်မူနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်းများနဲ့ ပတ်သက်လို့လည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် အပြင် ဗိုလ်မှူးချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ရဲ့ ဇနီး တို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
RCSS ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံတာဟာ ဒေါ်အောင်ဆန်းစုကြည် က လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို တွေ့ဆုံတာ တတိယမြောက် အကြိမ်ဖြစ်ပြီးတော့ ကရင် လက်နက်ကိုင် အဖွဲ့များဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ က ဗိုလ်ချုပ်ထိန်မောင်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့လည်း လက်ခံတွေ့ဆုံခဲ့ဖူးပါတယ်။

No comments:
Post a Comment