Sunday, June 16, 2013

RCSS အတွက် ငြိမ်းချမ်းရေး ဂုဏ်ပြု ညစာစားပွဲ

ကော့လီ

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် အတွက် ဂုဏ်ပြုညစာစားပွဲ တစ်ခုကို ရန်ကုန်မြို့ ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (Myanmar Peace Center) မှ မနေ့ ညနေပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

RCSS နဲ့ သမ္မတ တွေ့ဆုံနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး နဲ့ အဖွဲ့၊ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

ညစာစားပွဲ မစတင်ခင် ဦးအောင်မင်း က ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ အမ်ပီစီကို ရောက်ရှိလာတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ပါ အကြောင်းတိုက်ဆိုင်စွာ ရောက်ရှိလာတာက တစ်ကြောင်း နှစ်ထပ်ကွမ်း မင်္ဂလာရှိတဲ့ ညနေခင်းဖြစ်ကြောင်း အဖွင့်နှုတ်ဆက်စကား ပြောကြားသွားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် ကတော့ ပြည်တွင်းစစ်တွေကြောင့် ငြိမ်းချမ်းရေး ဆိတ်သုဉ်းခဲ့တာ နှစ် ၆၀ ကျော်လာပြီဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့လို့ဖြစ်ကြောင်း၊ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင်လုပ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းအထိ ရိုးသားစွာ ကြိုးစားသွားကြပါစို့ လို့ ပြောကြားသွားပါတယ်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ နိုင်ငံရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဦးခွန်စိုင်း ကတော့ ငြိမ်းချမ်းရေးရဖို့ ဆိုတာ နားလည်မှုရှိဖို့ လိုကြောင်း၊ ကိုယ့်ကိုကိုယ်လည်း နားလည်ရမယ်၊ သူများကိုလည်း နားလည်ပေးရမယ်၊ အပြန်အလှန် နားလည်မှုရှိမှ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ပြောကြားသွားပါတယ်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကတော့ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်က လူတွေက မိမိကို အရူး၊ လူမိုက် စသဖြင့် စွပ်စွဲကြကြောင်း၊ ရူးတယ်ပဲ ပြောပြော၊ မိုက်တယ်ပဲ ပြောပြော ငြိမ်းချမ်းရေးရမယ်ဆိုရင် မိမိ ဆက်လုပ်သွားမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရဖို့လုပ်တာဟာ ရူးမိုက်တယ်လို့ပြောရင်လည်း အရူးအမိုက် အဖြစ် ခံယူရဲတယ်ကြောင်း၊ ငြိမ်းချမ်းရေးကို မရမနေ လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ကတော့ ငြိမ်းချမ်းရေးကို တတ်စွမ်းသမျှ ဝိုင်းလုပ်ကြရမယ် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်း လုပ်မရကြောင်း၊ ဦးအောင်မင်း တစ်ယောက်တည်း၊ သမ္မတကြီး တစ်ယောက်တည်း လုပ်မရကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း၊ အနာဂတ် ကလေး၊ လူငယ်တွေကို ချစ်ရင် ငြိမ်းချမ်းရေး ရအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ကြောင်း ပြောကြားသွားပါတယ်။

ညစာစားပွဲမှာ ကရင်၊ ရှမ်း တိုင်းရင်းသား တေးသံရှင်များက ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာများနဲ့ ငြိမ်းချမ်းရေးကို ဖော်ကျူးတဲ့ တေးသီချင်းများနဲ့ ဖျော်ဖြေကာ လတ်တီး သီချင်း သီဆိုပြီး တက်ရောက်လာသူများအားလုံး ဝိုင်းဖွဲ့ကခဲ့ကြတယ်လို့ သိရပါတယ်။

ညစာစားပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ ခေါင်းဆောင်များ အပြင် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်သိန်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနမှ ဒေါက်တာ အင်ဒရူး မုံဂျုံးလျန်၊ ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦး၊ ဦးမင်းဇော်ဦး၊ ဒေါက်တာ ယဉ်ယဉ်နွယ် တို့လည်း တက်ရောက်ကြပါတယ်။

ညစာစားပွဲ မစတင်ခင်မှာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ အမ်ပီစီမှ ဦးလှမောင်ရွှေ၊ KNU ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ RCSS ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ် တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို တံခါးပိတ် ဆွေးနွေးခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှာ ပြည်သူလူထုတို့နဲ့တွေ့ဆုံရန် အတွက် ယနေ့ပဲ ရန်ကုန်မြို့က ထွက်ခွာသွားပြီလို့ သိရပါတယ်။

No comments: