Friday, May 30, 2014

လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များစာအုပ် ရွှေရတုပွဲပြုလုပ်

အောင်ကိုဦး

စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား လူထုဒေါ်အမာ ရေးသားသည့် "ပြည်သူချစ်သော အနုပညာသည်များ" စာအုပ် နှစ် ၅ဝပြည့် ရွှေရတု အထိမ်းအမှတ်ပွဲကို မေလ ၂၇ ရက်က အမရပူရမြို့ရှိ တောင်လေးလုံး ကျောင်းတိုက်တွင် ပြုလုပ်ရာ မန္တလေးမြို့ရှိ စာပေပညာရှင်များ၊ သဘင်ပညာရှင်များ၊ သတင်းစာ ပညာရှင်များနှင့် နိုင်ငံရေးသမားများ တက်ရောက်ကြသည်။

"ပထမဆုံး စွဲစွဲမြဲမြဲနဲ့ လက်ကမချတမ်း ဖတ်ဖြစ်တာ ဒီစာအုပ်ပါပဲ။ ဒီစာအုပ်ကြောင့် မြန်မာ့သုခုမကို မြတ်နိုးလာတယ်။ ဒီစာအုပ်ကြောင့် မြန်မာမှုကို တန်ဖိုးထားလာတယ်။ ဒီစာအုပ်ကြောင့် မြန်မာ့ယဉ်ကျေးမှုကို လေးစားလာတယ်။ ဒီစာအုပ်ကြောင့် မြန်မာ့အနုပညာကို အထင်ကြီးလာတယ်။ ဒီစာအုပ်ကြောင့် အနုပညာရှင်တွေကို ပြည်သူဘာကြောင့် ချစ်သလဲဆိုတာ နားလည် သဘောပေါက်လာတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆူးငှက်ကလောင်ကို တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် အခုထိ ခေါင်းအုံးဘေးမှာ ဒီစာအုပ်ထားပြီး ဘက်ဆုံလေ့လာသင်ကြားနေရဆဲဆိုရင် မမှားပါဘူ"ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။

"ပြည်သူချစ်သော အနုပညာသည်များ" စာအုပ်အား ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာပေဗိမာန်ဆု ရရှိခဲ့သည်။ အဆိုပါစာအုပ် ထဲတွင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားပြီး အမှန်တကယ် ပြည်သူများချစ်မြတ်နိုးသော စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင် အနုပညာရှင်များ အကြောင်းကို ရေးသားထားသည်။ ထိုစာအုပ်သည် ထိုခေတ်ထိုအခါက ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ပြီး အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရသော စာအုပ်ဖြစ်သည်။

"ပြည်သူချစ်သော အနုပညာသည်" စာအုပ်မှာ ၅ ကြိမ်ထုတ်ဝေခဲ့ ပြီး ၆ ကြိမ်မြောက်ထုတ်ဝေရန် စီစဉ်နေသည်ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

No comments: