Friday, May 30, 2014

သမ္မတက ဥပဒေပြုရန်မလိုဟုဆိုသော စာချွန်တော်ဥပဒေကြမ်းကို ပြဋ္ဌာန်းရန် လွှတ်တော်ဆုံးဖြတ်

အောင်သူရထွန်း

သမ္မတက ဥပဒေပြုရန် မလိုဟု လွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည့် စာချွန်တော်ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ဥပဒေပြဋ္ဌာန်းရန် သဘောတူကြောင်း မေလ ၂၈ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းကလည်း “ လွှတ်တော်အသီးသီးမှာလည်း ဆက်လက်ဆွေးနွေး ဆုံးဖြတ်အတည်ပြုချက်အရ ပေးပို့ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေကြမ်းနဲ့စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ သဘောထားအတိုင်း အတည်ပြုနိုင်ရန် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခြင်း တဆက်တည်း ဆောင်ရွက်ရန် လျာထားပါတယ်” ဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို ချက်ချင်း ရယူခဲ့သည်။

နိုင်ငံတော်သမ္မတ၏ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း သုံးသပ်ချက်အချို့မှာ စာချွန်တော် စီရင်ပိုင်ခွင့်စနစ်ကို ကျင့်သုံးသည့် နိုင်ငံအချို့တွင် စာချွန်တော် ဥပဒေအဖြစ် ပြဋ္ဌာန်းခြင်းမရှိကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် စာချွန်တော် စီရင်ပိုင်ခွင့် အာဏာများကို တရားလွှတ်တော်ချုပ်သို့ အပ်နှင်းခဲ့ရာ သီးခြားဥပဒေ မပြဋ္ဌာန်းဘဲ နည်းဥပဒေများ ထုတ်ပြန်၍သာ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စာချွန်တော်အမိန့်နှင့် စပ်လျဉ်း၍ သီးခြားပြဋ္ဌာန်းချက် မရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ(ဍ) အရ စာချွန်တော်အမိန့် သက်ရောက်သည့် အာဏာကို နိုင်ငံတော်ကောင်စီက ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်းတို့ ပါရှိသည်။

ထို့အပြင် စာချွန်တော်အမိန့်နှင့် စပ်လျဉ်း၍ ပင်ရင်းဥပဒေရှိပြီးဖြစ်၍ နည်းဥပဒေများ ထုတ်ပြန်ကျင်းသုံး ဆောင်ရွက်နေသောကြောင့် ပင်ရင်းဥပဒေတစ်ရပ် (ယခု ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသည့် ၂ဝ၁၄ ခုနှစ် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို) ထပ်မံပြဋ္ဌာန်းရန်မလိုအပ်ကြောင်းလည်း ဖြည့်စွက် ပြန်ကြားလာခဲ့သည်။

ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူလွှတ်ကိုယ်စားလှယ် သူရဦးအောင်ကိုကလည်း “ နိုင်ငံသားတွေကို ပေးထားတဲ့ အထူးအခွင့်အရေးအပေါ်မှာ ပြည်ထောင်စု တရားလွှတ်တော် အဆင့်ဆင့်ရဲ့ ဂုဏ်သိက္ခာဖော်ပေးတဲ့ အဆင့်ပေါ်မှာ ဥပဒေပြဋ္ဌာန်းဖို့ ပြင်ဆင်ခြင်းသည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကန့်သတ်တားဆီးရာရောက်ပါတယ်” ဟု ဝေဖန်ထောက်ပြသွားခဲ့သည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက်ကို လေ့လာစိစစ်ပြီး လွှတ်တော်သို့ တင်ပြနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ ဧပြီလ ၂ရက်တွင် ပေးပို့ခဲ့ရာ ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက်ကို မေလ ၂ဝ၊ ၂၁နှင့် ၂၇ရက် များတွင် အစည်းအဝေးများကျင်းပ၍ လေ့လာ စိစစ်ခဲ့သည်။

No comments: