Friday, May 30, 2014

ယာဉ်တိုက်၊ လူသေမှု ဖြစ်စေခဲ့သည့် တပ်မတော်သားကို စစ်တပ်သို့ပြန်လည်လွှဲပြောင်း

ရေခဲ(ပြည်)

ဆိုင်ကယ်တိုက် လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပန်းတောင်းမြို့နယ် က.ပ.စ(၆) ညောင်ခြေထောက်မှ တပ်သား ကျော်နိုင်ကို သက်ဆိုင်ရာစစ်တပ်သို့ ပြန်လည်လွှဲပြောင်း ပေးလိုက်သည်ဟု အဆိုပါအမှုကို လက်ခံစစ်ဆေးသူ ပန်းတောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဇေယျာလင်းက မေ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါစစ်သားသည် မေ ၂၆ ရက်ည ၁၁ နာရီခွဲအချိန်က ပန်းတောင်းမြို့နယ် မကျီးထုံးအုပ်စု ကြို့ကုန်းတံတား အနောက်ဘက်ထိပ် ဥသျှစ်ပင်-ပြည် ကားလမ်း မိုင်တိုင်အမှတ်(၁၆/၆) (၁၆/၇) ကြားတွင် ဆိုင်ကယ်ချင်းတိုက်မိခဲ့ပြီး အသက်(၅ဝ) အရွယ်အမည်မသိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

“ကျွန်တော်တို့က စစ်သားဖြစ်တဲ့အတွက် တပ်ကိုပြန် အပ်တယ်။ စစ်ခုံရုံးနဲ့ စစ်တရားရုံးဖွဲ့ပြီး စစ်တပ်ဥပဒေအရ အရေးယူဆောင်ရွက်လိမ့်မယ်” ဟု ဒုရဲအုပ် ဇေယျာလင်းကဆိုသည်။

ဆိုင်ကယ်ချင်း တိုက်မိမှုကြောင့် အမည်မသိ အမျိုးသားသည် ဝဲ/ယာ ရင်ဘတ်ပွန်းပဲ့ ဒဏ်ရာ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ ယာဒူးပေါက်ပြဲဒဏ်ရာ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ ပါးစပ် နှာခေါင်း နား သွေးထွက်ဒဏ်ရာ များရရှိခဲ့ပြီး ပန်းတောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်သားကျော်နိုင်ကို ပန်းတောင်း မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၆/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့်အမှုဖွင့် ဆောင်ရွက်ထားသည်။

မေ၂၇ ရက် နံနက် (၁) နာရီခွဲ အချိန်တွင် အဆိုပါစစ်သားကို သက်သေစစ်ချက်အမှုတွဲများ၊ သက်သေခံပစ္စည်းများနှင့် အတူ က.ပ.စ(၆) ညောင်ခြေထောက်မှ တပ်ထောက်ဗိုလ်ကြီး ပြည့်ဖြိုးခိုင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဒုရဲအုပ် ဇေယျာလင်းက ပြောသည်။

No comments: