Friday, May 30, 2014

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ အဆောင်များ စတင် ဖွင့်လှစ်တော့မည်

ခိုင်ထူးမြတ်

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်တွင် နယ်မှလာရောက် ပညာသင်ယူကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ နေထိုင်နိုင်ရန် အတွက် အဆောင်များကို ပြန်လည် ဖွင့်လှစ် ထားရှိတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာနမှ တရားဝင်ကြေငြာချက် ထုတ်ပြန်ပြီးနောက် စစ်တွေမြို့နယ်မှအပ တခြားမြို့နယ်များမှ ကျောင်းသား ကျောင်းသူများအား အဆောင်တွင်နေထိုင်နိုင်ရန် အတွက် စစ်တွေတက္ကသိုလ် ကျောင်းသား ရေးရာဌာနမှ လျှောက်လွှာ ပုံစံများကို ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆောင်နေထိုင်လိုသူ ကျောင်းသား ကျောင်းသူများအနေဖြင့် ယင်းလျှောက်လွှာနှင့် အတူ သက်ဆိုင်ရာ ပါမောက္ခများထံတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ် မော်ကွန်းထိန်း ဦးရွှေခိုင်ကျော်က နိရဉ္စရာသို့ ပြောကြားသည်။

“ လျှောက်ထားနိုင်ပါပြီ။ အခုဆိုရင် လာရောက်လျှောက်ထားတဲ့ ကျောင်းသား ကျောင်းသူဦးရေက ၁၀၀ကျော်တောင် ရှိနေပြီ” ဟု သူကဆိုသည်။

လျှောက်ထားနေထိုင်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူများကို စစ်တွေတက္ကသိုလ်ဟောင်းရှိ ဝေသာလီဆောင် ၊ စောပြည့်ညိုဆောင် ၊ စောသန္တာဆောင် ၊ ပိုးဝါဆောင်များတွင် လက်ခံထားရှိမည်ဟု သိရှိရသည်။ ကျောင်းသားများအတွက် လောလောဆယ်တွင် Hall ခန်းများတွင် ထားရှိရန် စီစဉ်ထားပြီး အမျိုးသမီး ကျောင်းသူများကိုမူ ၆ ယောက် တစ်ခန်းနှုန်းကျဖြင့် ထားရှိမည်ဟုဆိုသည်။

ကျောင်းသားများ စားသောက်ရေးအတွက်ကို စစ်တွေတက္ကသိုလ်မှ တာဝန်ယူ ကျွေးမွေးမည် မဟုတ်ပဲ အပြင်မှ လုပ်ငန်းရှင်များအား လေလံတင်ဒါစနစ်ဖြင့် ခေါ်ယူပြီး ကျွေးမွေးသွားမည်ဟု ဆိုသည်။

ယခုအခါ လက်ရှိ စစ်တွေ ကောလိပ်ကျောင်းထဲတွင် နေထိုင်သော ဆရာ၊ ဆရာမ မိသားစုများအားလည်း မြို့ထဲမှ ဘုမေရွာရှိ စစ်တွေတက္ကသိုလ်ထဲသို့ ပြောင်းရွှေ့နေကြပြီဟု ဆိုသည်။

” ကျောင်းသား ကျောင်းသူတွေကို အဆောင်တွေမှာ ဒီ Semester ဒုတိယအပတ်ထဲမှာ စတင်ထားရှိမှာ ဖြစ်ပါတယ်။ ဒီအတွက် အဆောင်တွေမှာ နေနေကြတဲ့ ဝန်ထမ်းမိသားစုတွေက နေရာ ပြောင်းရွှေ့ ပေးကြ ရမှာဖြစ်ပါတယ်။ ပြောင်းတဲ့ ဝန်ထမ်းတွေကလည်း ပြောင်းရွှေ့သွားကြပါပြီ။ ကျန်တဲ့ဝန်ထမ်းတွေကတော့ ပြောင်းဖို့တွက် အဆင်သင့်ပြင်ဆင်နေကြပါတယ်။ အဆောင်တွေကိုလည်း ဘက်စုံပြုပြင်မွမ်းမံမူတွေ ပြုလုပ်နေပါတယ်” ဟု မော်ကွန်းထိန်း ဦးရွှေခိုင်ကျော်က ဆက်ဆိုသည်။

တက္ကသိုလ်တွင် အဆောင်များ ဖွင့်လှစ်ထားရှိခြင်းမှာ အထူးကောင်းမွန်သော အစီအစဉ် ဖြစ်ကြောင်း သူက ယခုလိုဆိုသည်။

” ခုလိုအဆောင်တွေဖွင့်လှစ်ပြီး ကျောင်းသားတွေကို ထားတဲ့အတွက် သိပ်ကိုကောင်းပါတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အပြင်အဆောင်တွေမှာဆိုရင် ကျောင်းသားတွေက စည်းမဲ့ ကမ်းမဲ့ အရက်သေစာတွေ သောက်စားပြီး အချိန်မတော် အခါမတော် သွားလာနေကြတာမျိုးတွေ ရှိပါတယ်။ ခုလိုမျိုး ကျောင်းနေ အဆောင်မှာဆိုတော့ သက်ဆိုင်ရာ ဆရာ ဆရာမ တွေက ကြပ်မတ် ထိန်းသိမ်းနိုင်တော့ မဖြစ်သင့်တာတွေ မဖြစ်တော့ပါဘူး ” ဟု သူကဆိုသည်။

ယခင် စစ်တွေ ကောလိပ်ဟောင်းထဲတွင် နေထိုင်ခဲ့ပြီး ယခု ဘုမေရွာရှိ တက္ကသိုလ်ထဲသို့ ပြောင်းရွှေ့ နေထိုင်သူ ဆရာမ တစ်ဦးက ဆရာ-ဆရာမများ လုံခြုံရေးနှင့်ပတ်သတ်ပြီး ယခုလို ပြောသည်။

” ပြောင်းရွှေ့နေထိုင်တာကတော့ရပါတယ်။ အဆင်လည်းပြေပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံမှုရှိပေမယ့် စိတ်ပိုင်းဆိုင်ရာအရတော့ လုံခြုံမှုမရှိဘူးလို့ ခံစားမိပါတယ်။ လုံခြုံရေးအရလည်း စိုးရိမ်ပူပန်မိပါတယ် ” ဟု ဆိုသည်။

စစ်တွေတက္ကသိုလ်အဟောင်းမှာ စစ်တွေမြို့ထဲတွင် တည်ရှိပြီး လက်ရှိစစ်တွေတက္ကသိုလ်မှာ ဘုမေ ဘင်္ဂလီရွာနှင့် သဲချောင်းဘင်္ဂလီရွာ ကြားတွင်တည်ရှိသည်။ ၂၀၁၂ အရေးအခင်းကာလက လုံခြုံရေးအရ စိတ်ချရမှု မရှိသောကြောင့် တက္ကသိုလ်ဝင်းထဲတွင်နေထိုင်သော ဝန်ထမ်းမိသားစုများကို မြို့ထဲရှိ စစ်တွေ ကောလိပ်ကျောင်းဟောင်းထဲသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်။

စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်မှာ ယခုအခါ ခရီးလွန်နေသဖြင့် ကျောင်းသား-ကျောင်းသူ အဆောင်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း များမကြာမီ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments: